Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့တွင် စာသင်ကျောင်းတစ်ကျောင်း ဖောက်ထွင်း ခိုးခံရ

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂ဝ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်တွင်ရှိသည့် အ.မ.က ၅ ကျောင်းတွင် အောက်တိုဘာလ ၁၅ ရက်နေ့က ဆရာ/မ နှင့်ကလေးသူငယ်များ၏ သင်ထောက်ကူပစ္စည်းတစ်ချို့ဖောက်ထွင်းခိုးခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖောက်​ထွင်းခိုးသည့် တရားခံများကို သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှာဖွယ်နေပြီး အရေးယူဆောင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ် ​တနင်္ဂနွေရက်က ကျောင်းပိတ်ရက်ဖြစ်သည်ံ့အတွက် ကျောင်းတွင်ဥယျာဥ်မှူးမရှိ၍ တံခါးများကိုသော့ခတ်ထား​ခဲ့ပြီး ၁၆ ရက်နေ့ကျောင်းပြန်တက်ရာတွင် ကျောင်းခန်းအတွင်းရှိ ဗီရိုများမှ ဖောက်ထွင်းခိုးခံခဲ့ရသည်ဟု သိရကြောင်း အ.မ.က (၅ )ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းအောင်က AB News သို့အတည်ပြုပြောသည်။

“၁၅ရက်နေ့ကပါ၊ စနေ၊ တနင်္ဂနွေဆိုတော့ ကျောင်းပိတ်ရက်ဖြစ်ပါတယ်၊ ကျောင်းမှာလည်း ဥယျာဥ်မှူးမရှိပါ၊ ကျနော်တို့ကျောင်းကိုသေ့ာခတ်ပြီးပိတ်ထားခဲ့ပါတယ်၊ ၁၆ ရက်နေ့က ကျောင်းတက်ရက်နေ့ဖြစ်ပါတယ်၊ ကျောင်းပြန်တက်တော့ တံခါးတွေအားလုံးပွင့်နေပြီ၊ ဗီရို ၂ လုံးလည်းပွင့်နေတော့ အခိုးခံလိုက်ရတာ သိရပါတယ် “ဟု ဆိုသည်။

ကျောင်းဖောက်ထွင်းခံရပြီး ကျောင်းဆရာ/မ အသုံးအဆောင်ပစ္စည်းတစ်ချို့၊ ဓာတ်ဘူး၊ ရေနွေးအိုးကြိုသည့်မီးဖိုများ၊ ရေဖန်ခွက်များ၊ ကျောင်းသူ/သားများအသုံးပြုနေသည့် အားကစားပစ္စည်းများ၊ ဖိနပ်များ၊ ဘောလုံးများအပါအဝင် ရေစုပ်မော်တာ တစ်လုံးအခိုးခံခဲ့ရသည်။

ဗီရိုများသည် သစ်သားအနည်းငယ်ပါဝင်သည့် သွပ်ပြားအများစုဖြင့်ပြုလုပ်ထားသောဗရိုများဖြစ်၍ သူခိုးများက ကတ်ကြေးနှင့်ညှပ်ဖြတ် ခိုးယူသွားခဲ့ကြောင်း တွေ့ရသည်။

အများအကျိုးအတွက် သယ်ပို့နေသည့် ဆရာတစ်ယောက်အနေနှင့် ယခုလို ဆရာ/မနှင့် ကျောင်းသူ/သားသုံးပစ္စည်းများ အခိုးခံလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်ရသည့်အပြင် နောက်နောင်မဖြစ်လာစေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းပြီး တားမြစ်ပေးစေချင်ကြောင်း ကျောင်းအုပ်ဆရာကြီးက ပြောသည်။

အခိုးခံရမှုနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာကြီးက အရှေ့မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်တန်းခဲ့သည့်အတွက် ၎င်းမှလည်းအတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ပေးမည် ပြောကြောင်း သိရသည်။

ဖောက်ထွင်းခံရမှုဖြစ်စဥ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်နေခြင်း ရှိ/မရှိကို AB News ကအတည်ပြုနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းရာတွင် ဦးကျော်သန်းက ယခုလိုပြောသည်။

“ကျောင်းအုပ်ကြီးက ကျနော့်ဆီလာတိုင်ပါတယ်၊ ကျနော့်ရပ်ကွက်ထဲက ခိုးနေတဲ့သူတွေ၊ နာမည်ဆိုးရှိနေတဲ့သူတွေကို ကျနော်လိုက်ရှာနေပါတယ်၊ သူခိုးကတော့ ခိုးတယ်လို့မပြောပါဘူး၊ မသင်္ခါတဲ့သူတစ်ယောက်ခေါ်ပြီး စစ်ဆေးမှုတွေပြုလုပ်လို့ရှိပါတယ်၊ ကျနော်ကတော့ ရပ်ကွက်ထဲက သူခိုးတွေမုန်းတာကို ဂရုမစိုက်ပါဘူး၊ ဒီအမှုမှန်ကို ရအောင်ဖော်ထုတ်ပေးမယ် “ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းများကလည်း သူခိုး ၆ ဦးကိုဖမ်းပြီး သက်ဆိုင်ရာ ရဲစခန်းများသို့ ၎င်းကိုယ်တိုင်ပို့ပေးခဲ့ကြောင်းဆိုသည်။

အဆိုပါ အ.မ.က ၅ ကျောင်းသည် ဇူလိုင်လ ၁၄ ရက်နေ့ ဖောက်ထွင်းခြင်းခံခဲ့ရသည့်အချိန်ကလည်း ကျောင်း​သူ/သားများအသုံးပြုနေသာ သင်ထောက်ကူပစ္စည်းတစ်ချို့ နှင့် ရေစုပ်မော်တာတစ်လုံးရှိခဲ့ကာ ယခုတွင်လည်း ထပ်မံဖောက်ထွင်းခံရသည့် အကြိမ် ၂ကြိမ်ထိရှိနေသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့အပြင်ပြီးခဲ့သည့် ၁ လကျော်ခန့်က ရသေ့တောင်မြို့ အ.ထ.က ၂ ကျောင်းတွင်လည်း ရေစုပ်မော်တာတစ်လုံး အခိုးခံခဲ့ရသည့်အတွက် ကျောင်းအုပ်ဆရာမကြီးက အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်တန်းခဲ့မှုများရှိကြောင်းသိရသည်။

အလားတူ အောက်တိုဘာက ၃ရက်နေ့ကလည်း ရသေ့တောင်မြို့ သာယာကုန်းရပ်ကွ​က်ရှိ သံခြံများဖြင့် ခြံစည်းရိုးခတ်ထားသည့် တိုက်အိမ်တစ်ဆောင်တွင်လည်း ဖုန်း ၂ လုံး အခိုးခံခဲ့ရသည့်အပြင် တစ်ခြားနေအိမ်တစ်ခုဆောင်ကလည်း ဖုန်း ၁ လုံးအခိုးခံခဲ့ရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ရသေ့တောင်မြို့ပေါ်ရှိရပ်ကွက်များတွင် စက်တင်ဘာလ နှင့် အောက်တိုဘာလအတွင်း ဖောက်ထွင်းခိုးခံရမှုများ ခပ်စိပ်စိပ်ရှိလာနေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူဆောင်ရွက်မှုများအားနည်းနည်ကြောင်း ABN က စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ