Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်နယ်တွင် အမျိုးသမီးတစ်ဦးအား ကိုယ်ထိလက်ရောက်ရိုက်နှက်မှု ဆဲဆိုမှု ကျူးလွန်သူအား အရေးယူပေးရန် ULA/AA ၏ နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သော်လည်း အရေးယူဆောင်ရွက်မှုမရှိသေး

ရသေ့တောင်နယ်တွင် အမျိုးသမီးတစ်ဦးအား ကိုယ်ထိလက်ရောက်ရိုက်နှက်မှု ဆဲဆိုမှု ကျူးလွန်သူအား အရေးယူပေးရန် ULA/AA ၏ နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သော်လည်း အရေးယူဆောင်ရွက်မှုမရှိသေး

ABN-ဟိန်းထွန်း

စက်တင်ဘာ ၂၉ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် အရှေ့တောင် ( ခေါ် ) သာယာကုန်းရွာတွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးအား ကိုယ်ထိလက်ရောက် ရိုက်နှက်မှု ကျူးလွန်ခဲ့သည့်အမှုအား ရက္ခိုင့်တပ်တော်၏ နယ်မြေရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့သော်လည်း အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း ရိုက်နှက်ခံခဲ့ရသူကပြောသည်။

အမျိုးသမီးတစ်ဦးကို အပြစ်မရှိဘဲ ကိုယ်ထိလက်ရောက်ကျူးလွန်သူမှာ ရသေ့တောင်မြို့နယ် သာယာကုန်းကျေးရွာက အဖ ဦးကျော်မိုး၏သား အသက် ၂၇ အရွယ် မောင်ကောင်းမြတ် ဖြစ်ကြောင်း သိရသည်။

၎င်းသည် စက်တင်ဘာလ ၁၆ ရက်နေ့က ည ၄ နာရီကျော်တွင် ​ခြံနီးချင်းကပ် နေထိုင်သည့် အမျိုးသမီးတစ်ဦး၏ အိမ်ရှေ့မှ ဆဲဆိုသည့်အပြင် လည်ပင်း နားရင်းနှင့် ခါးကို ရိုက်နှက်ခဲ့ကြောင်း ရိုက်နှက်ခံခဲ့ရသူ အသက် ၃၄နှစ် ဒေါ်အင်္ဂါမေက ABN သို့ ပြောသည်။

“ပထမခါတစ်ခေါက် လိုးသားတွေလို့ဆဲပါတယ်၊ မနာမည်မပါသေးတော့မပြောဘူး၊ နောက်ထပ်ပြီး လိုးမစဲသူမတွေ လို့ဆဲပါတယ်၊ အဖေက​ သူ့ကိုဘာလို့ဆဲနေတာလဲလို့မေးပါတယ်၊ သူကထပ်ပြီး အဖိုးကို လီးပဲမြင်တယ်လို့ ၃ ခေါက်ပြောပါတယ်၊ ကျမကလည်း ဟေ့ တိရစ္ဆာန်ကောင် ငါ့အဖေကိုဘာလို့ဆဲတာလဲပြောတယ်၊ သူက နင်တို့မစဲသူမတွေကို လီးပဲမြင်တယ်လို့ ပြောတယ်၊ ပြီးတော့ ကျမအိမ်ရှေ့လမ်းဝကနေပြီး ကျမရဲ့နားရင်းကိုရိုက်တယ်၊ လည်ပင်းကိုလည်းရိုက်တယ်၊ ခါးကို ခြေထောက်တွေနဲ့ ကန်ကျောက်တယ်” ဟု ဆိုသည်။

သူမသည် ရသေ့တောင်မြို့နယ် မူစဲကမ်းဒေသ ကူတောင်ရွာဇာတိဖြစ်ကာ အရှေ့တောင် ( သို့ ) သာယာကုန်းရွာသို့ ပြောင်းရွှေ့လာခဲ့သည်မှာ ၁၈ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

သူမမှာ အသက် ၅နှစ်ကျော်အရွယ် မေဝင်းလှိုင် နှင့် အသက် ၂ နှစ်ကျော်အရွယ် အိပြည့်ဖြိုးခိုင် သမီးနှစ်ယောက်ရှိကာ ခင်ပွန်းဖြစ်သူသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြောင်းသိရသည်။

ဒေါ်အင်္ဂါမေသည် သူမ၏သမီးကို ထမင်းခွံ့ကျွေးနေသည့်အချိန်တွင် လက်တောင်အားဖြင့် ၁၅ တောင်ခန့်ကွာဝေးသည့် ခြံနီးဘေးချင်းကပ်အိမ်မှ လာပြီး ကိုယ်ထိလက်ရောက်စော်ကားမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရိုက်နှက်ခံနေရချိန်တွင် ရိုက်နှက်သူ မောင်ကောင်းမြတ်၏မိခင်ဖြစ်သူလည်း ယင်းနေရာတွင်ရှိနေပြီး သားဖြစ်သူ ဆဲဆို ရိုက်နှက်နေသည်ကို ဝင်ရောက် ဟန့်တားခြင်းမျိုး မပြုလုပ်ဘဲ မတ်တပ်ရပ်၍ ကြည့်နေခဲ့ကြောင်း ဒေါ်အင်္ဂါမေက ဆက်ပြောသည်။

“သူ့အမေလည်းပါတယ်၊ ကျမလည်ပင်းကိုရိုက်နှက်နေတာကိုတောင် ဘာမှမပြောပဲ ကြည့်နေတယ်၊ သူ့အမေကဘုရား တရားတွေအများကြီးလုပ်ပါတယ်၊ သားတစ်ယောက်က သူများသားမယားကိုရိုက်နှက်နေတာကို ဟန့်တားဖို့မကြိုးစားဘူးလို့ ကျမကပြောတော့ သူ့အမေက နင်ကငါ့သားကို ဆဲတာကိုး လို့ပြောတယ်၊ ကျမကလည်း ရှင့်သားအရင်လာဆဲတာ ဟုတ်/မဟုတ် ပတ်ဝန်းကျင်ကို မေးကြည့်လို့ရတယ် “ဟု ပြောလိုက်ကြောင်းဆိုသည်။

ရိုက်နှက်ခံရသည့် အမျိုးသမီးသည် ယင်းနေ့တွင်ပင် ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံးကြီးတွင် ၃ ရက်ခန့် ဆေးကုသမှုခံယူခဲ့ရပြီး ဓာတ်မှန်ရိုက်ရန် အခက်အခဲရှိသည့်အတွက်ကြောင့် စစ်တွေ ပြည်သူ့ဆေးရုံးကြီးသို့ လွှဲပြောင်းခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာအနည်းငယ် သက်သာနေသည့်အတွက် နေအိမ်တွင် ဆက်လက်ဆေးကုသမှုခံယူနေရကာ လိုအပ်လျှင် ဆေးခန်းသွားပြရမည်ဖြစ်ကြောင်း သိရသည်။

နှုတ်ဖြင့်ဆဲဆို စော်ကားရုံသာမက ကိုယ်ထိလက်ရောက်ရိုက်နှက် ကျူးလွန်ခြင်းခံခဲ့ရသည့် အမျိုးသမီးသည် ဥပဒေအတိုင်းဆောင်ရွက်ရန် ရက္ခိုင့်တပ်တော် ပြင်ခေါင်ရဲစခန်းသို့ စက်တင်ဘာလ ၁၆ ရက်နေ့က သူမ၏ ဖခင်နှင့်အတူ သွားရောက်တိုင်တန်းမှု ရှိခဲ့သော်လည်း လက်ရှိ အချိန်အထိ ကျူးလွန်သူကို အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်း ဒေါ်အင်္ဂါမေက ဆက်ပြောသည်။

“ကျမတို့AA ရဲစခန်းကို သွားတိုင်ပါတယ်၊ အခုချိန်ထိဘာမှမပြောဘူး၊ အမှန်ဆိုရင် ကျမတို့ တိုင်ရင် စော်ကားတဲ့သူကို ချုပ်နှောင်ထားသင့်ပါတယ်၊ ဘာမှအရေးယူဆောင်ရွက်တာမရှိဘူး” ဟု ဆိုသည်။

ကျူးလွန်သူကို ရက္ခိုင့်တပ်တော်ရှိ ရဲဌာနမှ ဖမ်းဆီးရန်သွားခဲ့သော်လည်း လက်ရှိအချိန်အထိ အရေးယူဆောင်ရွက်ခြင်း၊ ခေါ်ယူစစ်ဆေးခြင်း တစ်စုံတစ်ရာမရှိသည့်အပြင် ကျူးလွန်သူဖက်မှ ငွေထိုးထားသည့် စကားများလည်း ထွက်ပေါ်နေကြောင်း ABN က ထောက်လှမ်းချက်အရ သိရသည်။

အမှုအား အတည်ပြုရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသည့် ပြင်ခေါင် ရဲစခန်းသို့ ABN ကဆက်သွယ်မေးမြန်းခဲ့ရာတွင် တာဝန်ရှိသူက လာရောက်တိုင်တန်းထားခြင်းမရှိကြောင်း ပြောသည်။

“ကျနော်​တို့ဆီ လာရောက်တိုင်တန်းတာမရှိပါဘူး၊ တခြားရုံးတွေမှာ တိုင်တန်းတာလားမေးကြည့်လိုက်ပါ၊ ဖုန်းနဲ့လာတိုင်တာလည်းမရှိဘူး” ဟု ဆိုသည်။

အဆိုပါအမျိုးသမီးသည် သူမ၏မိဘနှင့်အတူ ပြင်ခေါင်ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ကြောင်း မျက်မြင်သက်သေ ရှိသည်ဟု ၎င်းတို့ပြောပြချက်ချက်အရသိရသည်။

အမျိုးသမီးတစ်ဦးကို ဆဲဆို၍ ကိုယ်ထိလက်ရောက်ကျူးလွန်လျှင် မည်သို့၊မည်ပုံ အရေးယူခံရနိုင်သည်ကို ရခိုင်ပြည်သူများသိစေချင်သည့်အပြင် ရက္ခိုင့်တပ်တော်မှလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ဒေါ်အင်္ဂါမေက တောင်းဆိုထားသည်။

ဓာတ်ပုံ-ရိုက်နှက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသည့် ဒေါ်အင်္ဂါမေအားတွေ့ရစဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ