Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်နယ်တွင် စစ်ပွဲဖြစ်လာမည်ကိုစိုးရိမ်သဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီးရွယ်အိုအချို့ နီးစပ်ရာဒေသသို့ပြောင်းရွှေ့

ရသေ့တောင်နယ်တွင် စစ်ပွဲဖြစ်လာမည်ကိုစိုးရိမ်သဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် သက်ကြီးရွယ်အိုအချို့ နီးစပ်ရာဒေသသို့ပြောင်းရွှေ့

AB News-ဟိန်းထွန်း

အောက်တိုဘာ ၄ ရက်

ရသေ့တောင်မြို့နယ် ၊ ချိန်ခါလီ ကျေးရွာမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုအချို့သည် စစ်ပွဲဖြစ်လာနိုင်ခြင်းနှင့်လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွား မည်ကို စိုးရိမ်သဖြင့် ရသေ့တောင်နယ်သို့ ယာယီပြောင်းရွှေ့လာနေကြောင်း သိရသည်။

၎င်းတို့သည် ယမန်နေ့နေ့လယ် ၁ နာရီကျော်က ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်း၊ လောင်းချောင်းရှိ ၎င်းတို့၏ ဆွေမျိုးများအိမ်သို့ ခေတ္တခဏခိုလှုံနေကြောင်း သိရသည်။

နှစ်ရှည်လများလွယ်ထားရသည့် ရက်စေ့၊ လစေ့ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုတစ်ချို့သည် စစ်ပွဲဖြစ်လာမည်ကိုစိုးရိမ်မိသဖြင့် ပြောင်းရွှေ့သွားခြင်းဖြစ်ပြီး ယခင်ကလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ​စိုးရိမ်ပြီး ပြေးသွားကြောင်း ချိန်ခါလီကျေးရွာက အမျိုးသားတစ်ဦးက ABN သို့ ပြောသည်။

“ကိုယ်ဝန်ဆောင်မိခင်တွေက ရက်စေ့၊ လစေ့ သူ​တွေဖြစ်ပါတယ်၊ တစ်ချို့သက်ကြီးရွယ်အိုတွေလည်း သွားလာလို့အဆင်မပြေဘူး၊ စစ်ပွဲဖြစ်မယ်ထင်လို့ စိုးရိမ်လို့ရှောင်ပြေးသွားတာပါ၊ ပြီးတော့ အရင်နှစ်တွေကလည်း ဒီရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလည်း ရှိတယ်” ဟု ဆိုသည်။

၎င်းရွာများအနီးတွင် ရက္ခိုင်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲများ တစ်စုံတစ်ရာဖြစ်ပွားလာလျှင် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံရမှုများ ရှိလာနိုင်ခြင်း၊ ဆေးရုံ၊ ဆေးခန်းများမရှိသည့်အတွက် ကိုယ်ဝန်ဆောင်မိခင်များ အခက်အခဲတွေ့လာနိုင်ခြင်းများကြောင့် ရှောင်ပြေးသွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ရက္ခိုင့်တပ်တော် AA မှလည်းပြည်သူများလုံခြုံမှုရှိစေရန်အတွက် ချိန်ခါလီ ကျေးရွာအနားမှ ဖြတ်သန်းသွားလာနေသည့်အတွက် နှစ်ဖက်တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ကျောင်းဆရာမ တစ်ချို့လည်း ရွာပြန်ချင်ကြောင်း စကားများထွက်ပေါ်နေ​သဖြင့် မစိုးရိမ်ကြရန် ရပ်ရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင့်စိုးက ABN သို့ပြောသည်။

“AA ဖက်က အနီးအနားကရွာကိုဖြတ်ပြီးသွားလာတာတွေရှိပါတယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေက တိုက်ပွဲဖြစ်လာမည်ကိုကြောက်လို့ပြေးတာပါ၊ တစ်ချို့ဆရာမတွေဆိုရင်လည်း စာမပြရဲကြတော့ဘူး၊ ကျနော်လည်း မြို့နယ်တွေကိုပြောထားပါတယ်၊ ဆရာ သူတို့ကလည်း သူတို့လမ်းကြောင်းနဲ့ သူတို့သွားတာလို့ စကစတပ်ဖွဲ့ဝင်တွေကိုပြောပါတယ်၊ သူတို့ကလည်း မလုပ်ပါဘူး အုပ်ကြီးရယ် ကျနော်တို့လည်း ကိုယ့်ဟာနဲ့ကိုယ်နေတာပါ “ဟု ဆိုသည်။

လက်ရှိတွင် မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ/မတစ်ချို့လည်း စာမမသင်ရဲသည့်အပြင် တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ၎င်းတို့၏နေရပ်သို့ ယာယီပြောင်းရွှေ့လာမှုများတွေ့ရသည်။

၂၀၂၂ခုနှစ် သြဂုတ်လ ၁၃ရက် နေ့က ချိန်ခါလီကျေးရွာအနီးတွင်ရက္ခိုင့်တပ်တော် AA နှင့် မေယုတောင်တန်း၌ အခြေချတပ်စွဲထားသည့်စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲ အပြန်အလှန်ဖြစ်ပွားခဲ့မှုကြောင့် နွားကျောင်းနေသည့် အမျိုးသားတစ်ဦးမှာ ကျည်ဆံထိမှန်၍ သေဆုံးသွားခဲ့သည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စကစတပ်ဖွဲ့ဝင်များသည် ချိန်ခါလီရွာထဲသို့ ဝင်ရောက်လာပြီး အသက် ၆ဝ ကျော်အရွယ် ဦးထွန်းမောင်စိန်ကို ၎င်း၏နေအိမ်အတွင်း သေနတ်ဖြင့်ပစ်သတ်ပြီး အိမ်သာကျင်းထဲ၌ ထားခဲ့သည်။

စစ်တပ်က ယခုလို အပြစ်မဲ့ပြည်သူများကို လူမဆန်စွာရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်အတွက်ကြောင့် ချိန်ခါလီရွာမှ ကိုယ်ဝန်ဆောင်မိခင် နှင့် သက်ကြီးရွယ်အို တစ်ချို့သည် နီးစပ်သည့် ကျေးရွာများသို့ ခိုလှုံလျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ