Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့တွင် စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲကို မနက်ဖြန် ကျင်းပမည်

ရမ်းဗြဲမြို့တွင် မနက်ဖြန် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းမှာ ရမ်းဗြဲမြို့- မြို့မဇုံ- ကျောင်းသား/သူဟောင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားကို ရမ်းဗြဲမြို့ အောင်ဓမ္မဗိမာန် ဓမ္မာရုံတော်ကြီး၌ စည်ကား သိုက်မြိုက်စွာ ဆင်ယင်ကျင်းပသွားမည်ဟု အာစရိယပူဇော်ပွဲ ကျင်း ပရေးကော်မတီမှ သိရသည်။

အဆိုပါ ရမ်းဗြဲမြို့စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနား၌ အပူဇော်ခံ ဆရာကြီး/ဆရာမကြီး ၁၆၀ ခန့် ပါဝင် မှာဖြစ်ပြီး အခမ်းအနားသို့ ကျောင်းသား/သူဟောင်း ၃၀၀ခန့်တက်ရောက်ပူဇော်ကန်တော့ကြမည် ဖြစ် သည်။

စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားနှင့်ပတ်သက်၍ အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ၏ ပြန်ကြားရေးတာဝန်ခံ ကိုစိုးမင်းထွန်းက အခမ်းအနားကို မနက်ဖြန် မနက် (၈း၀၀)နာရီ ရမ်းဗြဲမြို့ အထင်ကရ အောင်ဓမ္မဗိမာန်ဓမ္မာရုံတော်ကြီးမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အခမ်းအနား မစခင်မှာ ကြွရောက်လာကြတဲ့ အပူ ဇော်ခံ ဆရာ/ဆရာမကြီးတွေ၊ ပူဇော်ကန်တော့ကြမယ့် ကျောင်းသား/သူဟောင်းတွေကို ဒေသ အစားအစာတွေ တွေနဲ့ မနက်စာ တည်ခင်းကျွေးမွေးမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ အာစရိယပူဇော်ပွဲအခမ်းအနားကို ရက္ခိုင်ရိုးရာ စည်တော်နဲ့ စတင်ဖွင့်လှစ်ပြီးတော့၊ ပူဇော်ပွဲအခမ်းအနားကို အစီအစဉ်တကျ ကျင်းပသွားမှာဖြစ်ပါတယ်ဟု ABN သို့ ရှင်းပြသည်။

ယင်းနောက် အခမ်းအနားတွင် ကျောင်းသား/ သူဟောင်းများမှ ဆရာကြီး/ ဆရာမကြီးများအား ဂီတအနုပညာဖြင့် ပူဇော်ခြင်း၊ ဝတ္ထုငွေအပါအဝင်လှူဖွယ်ပစ္စည်းများဖြင့်ပူဇော်ခြင်း၊ ကာယဝစီမနောချီလျက် ကန်တော့ချိုးဖြင့်လက် အုပ်ချီ၍ ရှိခိုးပူဇော်ကန်တော့ခြင်း စသည့် အစီအစဉ်များပါရှိပြီး၊ ဆရာကြီး/ဆရာမကြီး တစ်ဦးလျှင်ဝတ္ထုငွေ ကျပ် တစ်သိန်းခွဲစီကန်တော့သွားမည် ဟု ကိုစိုးမင်းထွန်းက ပြောသည်။

အယင်နှစ်က တစ်ဦးကို တစ်သိန်းလောက်ပဲ ကန်တော့နိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ အရင်အကြိမ်တွေက လက်ကျန် အလှူငွေတွေနဲ့ ဒီနှစ်အလှူငွေတွေ ပေါင်းလိုက်တော့ အရင်နှစ်တွေကထက် ပိုတိုးပြီး တစ်သိန်းခွဲအထိ ပူဇော်ကန် တော့ နိုင်တာပါ ဟု သူက ဆိုသည်။

လက်ရှိအချိန်တွင် ရပ်ဝေးရောက် ရန်ကုန်နှင့် အခြားမြို့များမှ အပူဇော်ခံ ဆရာကြီး/ဆရာမကြီး များနှင့် ကျောင်း သား/သူဟောင်းများသည် အာစရိယပူဇော်ပွဲ ကျင်းပရာ ရမ်းဗြဲမြို့သို့ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာနေကြ ပြီး၊ ရောက်ရှိလာသည့် ဧည့်ပရိတ်သတ်များအား မြို့ခံများမှ ယနေ့ညနေပိုင်းတွင် ဂီတဖြင့်ဧည့်ခံဖြေဖျော်တင်ဆက် သွားမည်ဟုလည်း သိရသည်။

ဆရာ၊ဆရာမများ၏ ကြီးမြတ်လှသောဂုဏ်ကျေးဇူးကို ပူဇော်သည့်အနေဖြင့် ရမ်းဗြဲမြို့- မြို့မဇုံ ကျောင်းသား/သူ ဟောင်းများ၏ အာစရိယပူဇော်ပွဲကို ၂၀၁၅ ခုနှစ်တွင် ပထမအကြိမ် စတင်ကျင်းပခဲ့ပြီး၊ ၂၀၁၇ ခုနှစ်တွင် ဒုတိယ အကြိမ်၊ ၂၀၁၉ ခုနှစ်တွင် တတိယအကြိမ် တစ်နှစ်ခြားစီ ကျင်းပလာခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါကြောင့် တစ်နှစ်ရပ်နားကာ ယခုနှစ် ၂၀၂၂ ခုနှစ်တွင် စတုတ္ထအကြိမ်ကို ကျင်းပရခြင်းဖြစ်ကြောင်း အာစရိယပူဇော်ပွဲ ကျင်း ပရေးကော်မတီမှ သိရှိရပါသည်။

ဓာတ်ပုံ- ရမ်းဗြဲမြို့- မြို့မဇုံ- ကျောင်းသား/သူဟောင်းများ၏ စတုတ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ