Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲမြို့ကို စစ်‌ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက် ဖျက်ဆီးနေ၊ သာသနိအဆောက်အဦးများနှင့် နေအိမ်များပျက်စီး

AB News – ‌ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီက Jet Fighter ဖြင့် ယနေ့ နံနက် ၁နာရီကျော်အချိန်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့အတွင်း၌ နေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရမ်းဗြဲမြို့၊ အမှတ် ၄၊ အင်းတောင်ရပ်ကွက်မှ နေအိမ်များနှင့်  သီလရှင်ကျောင်းဆောင် ၁ဆောင်လည်း မီးလောင်ကျွမ်းခဲ့ရသည်။

ယနေ့ နံနက်ပိုင်း၌ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရမ်းဗြဲမြို့ရှိ အင်းတောင်ရပ်ကွက်မှ အိမ်အရေအတွက် ၂၀ကျော်ခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့က ရမ်းဗြဲမြို့ကို လေကြောင်းတိုက်ခိုက်မှု နေ့တိုင်းနီးပါးလုပ်လျက်ရှိနေသည့်အတွက် မြို့ပျက်နေပြီဟု မြို့ခံသား ၁ ဦးက ပြောသည်။

“နေ့တိုင်းလိုလို ဗုံးလာကြဲနေတယ်။ ရပ်ကွက်အားလုံးမှာ နေအိမ်တွေ မီးလောင်ထားတာကို တွေ့ရတယ်။ ကင်းတဲရပ်ကွက်ကတော့ လုံးဝပျက်သွားပြီ။ မြို့ထဲမှတော့ မြို့ခံတွေ မရှိတော့ဘူး။ အကုန်လုံး မြို့ပြင်ကို ထွက်ပြေးနေရတယ်” ဟု ဆိုသည်။

ရမ်းဗြဲမြို့အနီး ယနေ့ နံနက်အစောပိုင်းအချိန်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ‌နီးစပ်ရာဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းအချိန်တွင် ရမ်းဗြဲမြို့ ၊ သိမ်တောင်ကုန်းနှင့် ကိုယ်ရံတော်တောင် အနီးပတ်ဝန်းကျင်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို ဗုံးကြဲတိုက်ခိုက်နေသည်ကို တွေ့ရှိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ