Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတွင် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး၊ ၄ ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိ

ရမ်းဗြဲတွင် လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး၊ ၄ ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိ

AB News – ဒီဇင်ဘာ ၁၈ ၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ရဗ်းဗြဲမြို့တွင် စစ်ကောင်စီမှပစ်ခတ်သောလက်နက်ကြီးကျည်ကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ၄ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

သေဆုံးသွားသူမှာ အမှတ် ၅ရပ်ကွက် လောင်းချောင်းမှ အသက် ၄၅ နှစ်အရွယ် ဦးမောင်ဇိတ် ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ကြည်း၊ရေ၊လေ အသုံးပြုတိုက်ခိုက်ခဲ့စဥ်အတွင်း ရမ်းဗြဲမြို့ပေါ် ရပ်ကွက်များသို့ ကျရောက်ပေါက်ကွဲကာ အရပ်သားပြည်သူအချို့ ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးရုံတင်ထားရကြောင်း မြို့ခံတစ်ဦးက AB News သို့ပြောသည်။

” စကစတွေက ကြည်း၊ရေ၊ လေပူးပေါင်းပြီး မြို့ထဲကိုပစ်ခတ်တယ်၊ ဒေသခံတစ်ဦးသေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးရှိပါတယ်၊ တိုက်ပွဲကဖြစ်နေသေးတော့ အတိအကျတော့မသိနိုင်သေးဘူး ” ဟု ဆိုသည်။

စစ်ကောင်စီ၏လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သူများဖြစ်သော ရဗ်းဗြဲမြို့အမှတ် ၆ ရပ်ကွက်မှ ဦးစိန်ရွှေဦး၊ အမှတ် ၅ ရပ်ကွက်မှ ဒေါ်အေးအေး နှင့် တစ်ခြားအမည်မသိရသေးသူ ၂ ဦးပါဝင်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ယနေ့ နံနက်ပိုင်း၈နာရီ ၁၃ မိနစ် မှ ည ၈ နာရီကျော်အထိတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဥ်အပါအဝင် ဒရုန်းများဖြင့် ၃ ကြိမ်ထက်မနည်း လာရောက်ပြီး ပစ်ကူပေးခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်စထိမှန်သွားသူများကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

လက်နက်ကြီးကျည်စများကြောင့် နေအိမ်အချို့မီးလောင်လျက်ရှိနေပြီး ပိတ်မိနေပြည်သူများစွာရှိကြောင်း ဒေသခံများကပြောသည်။

၂ဖက်တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက်ကြောင့် ဒေသခံပြည်သူများ အသက်လုထွက်ပြေးနေရကာ နီးစပ်ရာဆွေမျိုးအိမ်များတွင် ခိုလှုံနေရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် တိုက်ပွဲနှင့်မသက်ဆိုင်သောပြည်သူများသို့ ဦးတည်ပစ်မှတ်ထားလာခြင်းမှာ အာဏာရှင်တို့၏ လုပ်နည်းထုံးစံဖြစ်ကြောင်းတွေ့ရှိရသည်။

ရမ်းဗြဲကျွန်းသည် ရက္ခိုင်ကမ်းရိုးတန်း၏အလယ်တွင်တည်ရှိပြီး အရှည်မိုင် ၅၀ နှင့် အနံမိုင် ၂၀ ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၅၂၀ ခန့်ကျယ်ဝန်းကြောင်းတွေ့ရသည်။

ရမ်းဗြဲတွင် အမျိုးသား ၁ ဦးသေဆုံးသည်မှာ မှန်ကန်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်က ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ