Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတွင် စစ်ကောင်စီပိုင်တပ်နေဗီမှ နေရာ ၃ခုတွင် စခန်းချရန်အတွက် ရပ်နားမည့် တိုင်များ ဒေသခံများအား အတင်းအဓမ္မခိုင်းစေခဲ့

ABN-ရာဟု

ရခိုင်ပြည် ရမ်းဗြဲမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီပိုင် နေဗီမှ နေရာ၃ခုတွင် စခန်းချရပ်နားရန်အတွက် ရပ်နားမည့် ကျောက်တိုင်များကို ငွေမပေးဘဲ ဒေသခံပြည်သူများကို အတင်းအကျပ်ပြုလုပ်ခိုင်းစေခဲ့သလို ၊လမ်းသွားလမ်းလာ စက်လှေ၊ ဘုတ်များကိုလည်း အတင်းခေါ်ဆောင် စစ်ဆေးကာ ငွေကြေးတောင်းခံမှုများကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်ခဲ့ရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီနေဗီမှ လှည့်လည်ကာ စခန်းချနေမည့်နေရာ ၃ခုမှာ စပါးကြီးကျွန်းကြားနှင့်ဖက်ချာကျွန်းကြား၊ ရမ်းဗြဲမြို့ချောင်းဝ(ရန်မော်)၊ အင်းတော်ချေဂျိုင်(ဖက်ကျရွာအောက်)တစ်နေရာတို့ ဖြစ်ကြသည်။

၎င်းနေရာများတွင် နေဗီ ရပ်နားရန်အတွက် ကျောက်တိုင်များကို ငွေမပေးဘဲ အနီးအနားရှိ ပိုက်ဆိုက်များနှင့် ရပ်ရွာသားများကို အတင်းအားဓမ္မ လုပ်စေခိုင်းခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံပြည်သူတစ်ဦးကပြောသည်။

စပါးကြီးကျွန်းကြားနှင့်ဖက်ချာကျွန်းကြား နေရာကို ဒိုးပါတီပိုက်ဆိုက်တွင် နေထိုင်ကြသည့် ဒေသခံများက ပြုလုပ်ခဲ့ရကာ ၊ အင်းတော်ချေဂျိုင် (ဖက်ကျရွာအောက်)နေရာကို ဖက်ကျရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသား ၈ဦးတို့စုပေါင်ပြုလုပ်ခဲ့ရသလို ရမ်းဗြဲမြို့ချောင်းဝ (ရန်မော်)အောက်က နေရာကို ပိုက်ဆိုက်တွင်နေထိုင်သည့် လူ၁၈ယောက်တို့အား နေဗီရပ်နားရန် ကျောက်တိုင် ၂တိုင်ကျစီ ပြုလုပ်ရန် စေခိုင်းခဲ့ကြောင်း ဒေသခံများက ABN ကိုပြောသည်။

ထိုသို့ညနေဗီ ကျောက်ချရပ်နားရန် တိုင်များစိုက်ရန်အတွက်လည်း နေဗီမှ ငွေထုတ်ခြင်းမရှိဘဲ ဒေသခံများထံမှ ငွေဖြင့်ပြုလုပ်ခဲ့ရကြောင်း ပြောသည်။

“ကျနော်တို့ ပိုက်ဆိုက်ကလူတွေက တစ်ခု၊ ဖက်ကျကျေးရွာက တစ်ခု၊ နောက်ပိုက်ဆိုက်ရပ်ကွက်က တစ်ခု အကုန် ၃နေရာကို ကျနော်တို့ ကိုယ်ပိုင်ငွေတွေနှင့် လုပ်ခဲ့တာ ၊ သူတို့က ငွေလည်းမပေးဘူး၊ လုပ်ပဲလုပ်ခိုင်းတာ၊ ဖက်ကျမှာဆို အရေးပေါ်တံတားတွေတောင် ထိုးပေးရတယ်” ဟု အမည်မဖော်လိုသည့် ဒိုးပါတီပိုက်ဆိုက်မှ ဒေသခံ တစ်ဦးက ABN သို့ပြောသည်။

နေဗီရပ်နားရန်အတွက် တစ်နေရာတွင် ကျောက်တိုင် ၂ တိုင်ကျစီ စိုက်ခဲ့ရပြီး တစ်နေရာမှာ ငွေကျပ် ၃သိန်းကျော် အထိကုန်ကျ​ခဲ့ပြီး ရမ်းဗြဲမြို့ဝင်ဝချောင်း(ရန်မော်) အောက်နေရာတွင် ရှိနေစဥ် အတွင်းက ရမ်းဗြဲပိုက်ဆိုက်တွင်နေသူများက သောက်ရေအတွက် တစ်နေ့ကို ရေ ဗူးကြီး ၅ဗူးကျ ပို့ပေးရသည်ဟု သိရသည်။

“ကျနော်တို့ တစ်နေရာမှာ ငွေ၃သိန်းကျော်ကုန်တယ်၊နေရာ၃ခု ဆို ၁၀ကျော်ကုန်တာ၊ ရမ်းဗြဲပိုက်ဆိုက်ကဆို သောက်ရေတစ်နေ့ ဘူးကြီး၅ဗူးကျ ပို့ပေးရသေးတယ်” ဟု အမည်မဖော်လိုသူ တစ်ဦးက ABNကိုပြောသည်။

ထို့အပြင် မြစ်အတွင်းသွားလာနေသည့် စက်လှေ၊ ဘုတ်သမားများကို နေဗီသို့ လာကပ်ခိုင်းကာ ငွေတောင်းခံမှုများပြုလုပ်ခဲ့သည့်အတွက် ဒေသခံပြည်သူများအခက်အခဲ ဖြစ်ခဲ့ရကြောင်း သိရသည်။

မြစ်အတွင်း လှိုင်လေကြီးသဖြင့် ထင်းအပြည့်၊ ဝန်အပြည့်တင်ဆောင်လာသည့် ဘုတ်၊စက်လှေ များမှာ နေဗီသို့ကပ်ချိန်တွင် အချိန်မထိန်းနိုင်ဘဲ နေဗီနှင့် ထိခိုက်တ်ိုက်မိလျှင်လည်း နေဗီ ဦးဖျားတွင် လက်ပြန်ကြိုးတုတ်ကာ တနေကုန် နေပူခံခိုင်းထားခြင်းများပါပြုလုပ်ခဲ့သည်ဟု ဘုတ်ပိုင်ရှင်များက ပြောသည်။

“လာတဲ့ စက်လှေ၊ ဘုတ်တွေကို နေဗီနားလာကပ်ခိုင်းတယ်၊ လှိုင်းကြီးတော့ ဝန်အပြည်နှင့် ကျနော်တို့ကပ်ရတာ တအားခက်တယ်၊ နေဗီနှင့်တိုက်မိလို့ ကျနော့ကို နေဗီပေါ်မှာ နေပူခံခိုင်းခဲ့တယ်” ဟု အမည်မဖော်လိုသည့် ဘုတ်သမားက ABN ကို ပြောသည်။

ထိုနေဗီမှာ ဧပြီလ ၂၅ ရက်နေ့က စစ်တွေဖက်သို့ ပြန်ထွက်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရပြီး၊ ရမ်းဗြဲတွင် ၃ လခန့်ကြာ ကင်းလှည့်နေထိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရမ်းဗြဲတွင် စစ်ကောင်စီပိုင်တပ်နေဗီမှ နေရာ ၃ခုတွင် စခန်းချရန်အတွက် ရပ်နားမည့် တိုင်များ ဒေသခံများအား အတင်းအဓမ္မခိုင်းစေခဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ