Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦး  အစာငတ်၍ ကိုယ့်ကိုယ်ကို သတ်သေသွား

ရမ်းဗြဲတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦး  အစာငတ်၍ ကိုယ့်ကိုယ်ကို သတ်သေသွား

AB News-မတ်လ ၁၊ ၂၀၂၄

ရက္ခိုင်ပြည် ရမ်းဗြဲမြို့တွင် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးသည် အစာငတ်၍ ကိုယ့်ကိုယ်ကို သတ်သေသွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းမှာ စားနပ်ရိက္ခာ ပြတ်တောက်ပြီး အစာငတ်ကာ သေဆုံးသွားခဲ့ရပြီး၊ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးအပါအဝင် ၃ ဦးမှာ အစာငတ်၍ ကိုယ့်ကိုယ်ကို သတ်​သေသွားကြကြောင်း ဒေသခံများက AB News သို့အတည်ပြုပြောသည်။

“ကျနော်တို့သိရတာတော့လေ သူတို့ (စစ်ကောင်စီ) ရိက္ခာပြတ်နေတာကြာပြီ။ ရမ်းဗြဲမြို့ထဲမှာ ဘာဒဏ်ရာမှ မရှိဘဲ သေနေတဲ့ စစ်ကောင်စီဖက်က အလောင်း ၅ လောင်းတွေ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သတ်သေသွားတာ ၃ ယောက်ရှိတယ်။ အဲဒီမှာ တစ်ယောက်က ဗိုလ်ကြီးလို့ AA ကဖမ်းထားတဲ့သူတွေ ပြောတယ်လို့ သိရပါတယ်” ဟု အမည်မဖော်လိုသည့် ရမ်းဗြဲမြို့ခံ တစ်ဦးက ပြောသည်။

ရမ်းဗြဲမြို့တွင် နိုဝင်ဘာလ ၂၃ ရက်နေ့လောက်မှ စ၍ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ ကြည်း၊ ရေ၊ လေ တပ်အင်အား၊ လက်နက်အင်အားများဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့အပြင် ရမ်းဗြဲမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ရဟတ်ယာဥ်များဖြင့် လက်နက်နှင့် စားနပ်ရိက္ခာများ ချပေးသော်လည်း ထောက်ပို့ရိက္ခာအများအပြားကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ​ကြားဖြတ် တိုက်ယူလေ့ ရှိကြောင်းလည်း အမည်မဖော်လိုသည့် သတင်းရင်းမြစ် ၁ ဦးကပြောသည်။

ရမ်းဗြဲမြို့သို့  လေကြောင်းဖြင့်စစ်ကူရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်အား ဖေဖော်ဝါရီလ ၂၄ မှ ၂၆ ရက်နေ့ ၃ ရက်ကြာအတွင်း AA ချေမှုန်းလိုက်နိုင်ကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်ချက်အရ သိရသည်။

ရမ်းဗြဲမြို့ရှိ နေအိမ်များမှာလည်း စစ်ကောင်စီ၏ ကြည်း ရေ လေ အင်အားသုံး ဖြိုခွင်း တိုက်ဖျက်မှုကြောင့် ၈၀ ရာခိုင်နှုန်းကျော်ခန့် မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။

ရမ်းဗြဲမြို့အတွင်း လက်ကျန် ကျန်ရှိနေသေးသည့် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးခန့်အား ရက္ခိုင့်တပ်တော်က လိုက်လံ ရှာဖွေလျက်ရှိကြောင်း သိရသည်။

အသက်မသေဘဲ မိသားစုနှင့် ပြန်လည် တွေ့လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အသာတကြည် လက်နက်ချကြရန် ရက္ခိုင့်တပ်တော်က အကြိမ်ကြိမ် ထုတ်ပြန် သတိပေးနေသည်ကိုလည်း တွေ့ရသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ