Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်အောင်မြေ နှင့် ဂန္ဓာရီစစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာနှင့် အဆောင်များ ပြန်လည်ပြုပြင်ရန် အကူအညီများလိုအပ်နေ

ABN-ရာဟု

ဘူးသီးတောင်မြို့နယ်ရှိ ရန်အောင်မြေ နှင့် ဂန္ဓာရီစစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာနှင့် အဆောင်များ ပြန်လည်ပြုပြင်ရန် ငွေအကူအညီများလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ယခင်လက နိပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ပေးခဲ့သည့် ဆန်မှာလည်း ကုန်နေပြီဖြစ်ပြီး ယခင်က UNHCR အဖွဲ့မှ မိုးကာနှင့် ပုဆိုးလာရောက် ထောက်ပံ့ခဲ့သော်လည်း WFP မှ တကြိမ်တခါမှ ထောက်ပံ့ကူညီခြင်း မရှိကြောင်းခဲ့ကြောင်း ရန်အောင်မြေ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝင်းမောင်က ABN ကိုပြောသည်။

“ကျနော့တို့ကို UNHCR က ပုဆိုးနှင့် မိုးကာတွေလာပေးတာရှိတယ် ၊ WFPကတော့ တစ်ခါမှလာမပေးဘူး၊ နိပွန်က ပေးတဲ့ဆန် ၂လစာက ကုန်နေပြီး တခြားအဖွဲ့အစည်းတွေကလာလှူထားတာလဲမရှိတော့ စားနပ်ရိက္ခာတွေ အရေးတကြီးလိုအပ်နေပါတယ်” ဟု ပြောသည်။

အလားတူ ဂန္ဓာရီ စစ်ဘေးရှောင်စခန်းတွင်လည်း နိပွန်ဖောင်ဒေးရှင်းက ထောက်ပံ့ထားသည့်ဆန်မှာ ကုန်နေပြီဖြစ်ပြီး အိမ်ဆောက်လုပ်ရန်အတွက် ဝါးများ အရေးတကြီး လိုအပ်နေပြီး ကိုယ်တိုင်ဝါးခုတ်ရန်လည်း စစ်ကောင်စီက ထောင်ထားခဲ့သည့် မိုင်းများကို နင်းမိမည် စိုးရိမ်သောကြောင့် မသွားရဲဘဲ ရှိနေကြောင်း စခန်းတာဝန်ခံကပြောသည်။

“နိပွန်က ဆန်၂လစာ လာပေးထားတာ ကုန်နေပြီ၊ WFPကတော့ စခန်းကို လာမပေးဖူးဘူး၊ UNHCRက အိမ်ဆောက်ဖို့တိုင်တွေနှင့် တာလာပတ်တွေပေးပါတယ်။ စခန်းမှာက အလှူငွေတွေမရှိဘူး။ ခုအိမ်ဆောက်ဖို့ ဝါးတွေလိုတယ် ငွေကလည်းမရှိ တောင်လည်းမသွားရဲဘူး။ မိုင်းကရှိသေးတယ်ဟု” ဟု စခန်းတာဝန်ခံ ဦးမောင်ကံက ABNကိုပြောဆိုသည်။

ရန်အောင်မြေစစ်ဘေးရှောင်စခန်းတွင်ရှိသည့်စစ်ဘေးရှောင်များမှာ စံဂိုးတောင်၊ ဥယျာဥ်သာ၊ ထိပ်ချွန်းတောင် ၊ နွားရုံတောင်၊ ကွမ်းတောင်၊ စံပြင်၊ ကျောက်တန်း၊ ကြာညိုတောင်အပါအဝင် ကျေးရွာပေါင်း ၁၅ရွာမှ အိမ်ထောင်စု ၁၇၁ စု၊ လူဦးရေ ၅၆၇ ဦး လာရောက်ခိုလှုံလျက်ရှိပြီး ထိုရွာများ အနီးတွင် စစ်ကောင်စီတပ်က တပ်စွဲထားသဖြင့် နေရပ်မပြန်ရဲဘဲ ကယ်ဆယ်ရေးစခန်းများတွင် ဆက်လက်နေထိုင်နေကြရခြင်းဖြစ်ကြောင်း ပြောသည်။

“ရွာနားမှာ စစ်သားတွတပ်စွဲထားတာ ရွာကိုမပြန်ရဲဘူး၊ ရွာပြင်ကိုမထွက်ရဲဘူး သူတိုကမိုင်းတွေဘယ်နားထောင်ထားမှန်းမသိတာ “ဟု နွားရုံတောင်ကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် စံ‌ဂိုးတောင်ကျေးရွာအနီး သုံးထိပ်ပြိုစေတောင်ထက်၊ နွားရုံတောင်ထက်နှင့် သရက်ပြင် တံတားဦးအနီးနှင့် သပိတ်တောင်ရွာထဲ စသည့်နေရာများတွင် တပ်စွဲနေထိုင်လျက်ရှိသည်။

အလားတူ ဂန္ဓာရီစစ်ဘေးရှောင်စခန်းတွင် ကျေးရွာ၁၁ရွာမှ အိမ်ထောင်စု ၂၀၆စု လူဦးရေ ၁၂၀၇ဦး အထိရှိကာ ၎င်းတို့ ရပ်ရွာများအနီးတွင် စစ်ကောင်စီတပ်က တပ်စွဲထားသည့်အတွက် စကစက နေရပ်ပြန်ရန် အကြိမ်ကြိမ်ခိုင်းစေနေသော်လည်း မပြန်ရဲဘဲ စခန်းတွင်သာ ဆက်လက်ခိုလှုံနေရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ထို့အပြင် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ရေရှားပါးမှုပြဿနာနှင့် စခန်းရှိ လူနေအဆောင်များအား ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိနေသည်။

ဓာတ်ပုံ-ရန်အောင်မြေစစ်ဘေးရှောင်စခန်း ၂၀၁၉ ခုနှစ်က ပုံဟောင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ