Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်မှ ပြန်လာသည့် ရက္ခိုင်လူငယ် ၆၀ ကျော်ကို ကျောက်ဖြူလေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးနေ

ရန်ကုန်မှ ပြန်လာသည့် ရက္ခိုင်လူငယ် ၆၀ ကျော်ကို ကျောက်ဖြူလေဆိပ်တွင် စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးနေ

AB News – ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄

ရန်ကုန်မှ ရက္ခိုင်သို့ ပြန်လာသည့် ရက္ခိုင်လူငယ် ၆၆ ဦးကို  ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ကျောက်ဖြူလေဆိပ်၌ စစ်ကောင်စီက ဖမ်ဆီးခဲ့ပြီး ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ စစ်ဆေးမှုပြုလုပ်နေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသားလူငယ် ၃၆ဦး နှင့်အမျိုးသမီးလူငယ် ၃၀ ဦးတို့ဖြစ်ပြီး ၎င်းတို့အများစုမှာ ကျောင်းသားများဖြစ်ကြကာ နေရပ်သို့ ပြန်လာကြသူများဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များမှာ လွန်စွာ စိုးရိမ်ကြောက်လန့်နေကြကြောင်းနှင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် မိသားစုများထဲမှ ၁ ဦးက AB News သို့ပြောသည်။

“ကျမသားက ရန်ကုန်မှာ ကျောင်းတက်ပြီးလို့ ရွာပြန်လာတာပါ။ အမေရယ် ကျနော်ပြန်လာပြီနော်လို့တောင် ရန်ကုန်လေဆိပ်က ဖုန်းဆက်ခဲ့သေးတယ်။ ကိုယ့်ရွာ ကိုယ်ပြန်လာတာ ဘာအပြစ်ဖြစ်လို့ ဖမ်းရတာလဲ။ သူတို့ (စစ်ကောင်စီ) ကျမသားကို ဘာလုပ်ကြမလဲမသိဘူး။ ကျမအရမ်းစိုးရိမ်ပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်” ဟုပြောသည်။

နိုင်ငံအနှံ့ စစ်မျက်နှာများတွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီးနောက် ရန်ကုန်၊ မန္တလေး စသည့် မြို့အချို့တွင် အသက် ၁၈ နှစ်နှင့်အထက် လူငယ်များအား အလစ်သုတ် ဖမ်းဆီးမှုများရှိနေသောကြောင့် ရန်ကုန်တွင်ရှိသည့် သိန်းနှင့်ချီသော ရက္ခိုင်လူငယ်များမှာ စစ်ကောင်စီ၏ အလစ်သုတ် ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောင့်ကြနေကြသည်ကိုတွေ့ရသည်။

ထို့ကြောင့် လူငယ်အများစုမှာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသို့ ထွက်ရန် ကြိုးစားလျက်ရှိကြပြီး အချို့မှာ မွေးရပ် ဇာတိသို့ ပြန်လာကြသူများလည်းရှိနေသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၂ရက် မနက်ပိုင်းအချိန်တွင် မန္တလေးမြို့ရှိ လူစည်ကားသည့် ဈေးများနှင့် လမ်းမများတွင် စစ်ကောင်စီအဖွဲ့က မန္တလေးမြို့ရှိ ရခိုင်စားသောက်ဆိုင်များနှင့် အရောင်းဆိုင်များ၌ သွားရောက် မဝယ်ယူရန်၊ ရက္ခိုင်ဆိုင်မှန်သမျှ မန္တလေးမြို့က နေထွက်သွားရန်၊ ရက္ခိုင်ဆိုင်များကိုပိတ်သိမ်းရန် စသည့် လူမျိုးရေး အဓိကရုဏ်း၊ လူမျိုးရေး မုန်းတီးမှု၊ ဖိနှိပ်မှုများကို ဦးတည်စေသည့် ဝါဒဖြန့် လက်ကမ်းစာစောင်များ လိုက်လံ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အာဏာ သိမ်းစစ်ကောင်စီအဖွဲ့သည် အကြမ်းဖက် အဖွဲ့သာဖြစ်ပြီး ပြည်သူကို ကောင်းကျိုးမပြုသည့် လက်နက်ကိုင် စစ်သွေးကြွအဖွဲ့ ဖြစ်၍ စစ်မှုထမ်းရန် လုံးဝ မဖြစ်နိုင်ကြောင်း မန္တလေးမြို့ အောင်မြေသာစံရပ်ကွက်မှ အသက် ၂၀ အရွယ် အမည်မဖော်လိုသည့် ကျောင်းသား တစ်ဦးက AB News သို့ပြောသည်။

“တကယ်တော့ဗျာ စစ်မှုထမ်းတယ်ဆိုတာ နိုင်ငံတိုင်းလိုလိုမှာရှိတယ်။ လူတိုင်းလည်း စစ်မှုထမ်းချင်ကြတာပါပဲ။ ကိုယ့်တိုင်းပြည်ကို ကာကွယ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာက မင်းအောင်လှိုင်တို့အဖွဲ့က အကြမ်းဖက်အဖွဲ့ပဲ ဖြစ်ပါတယ်။ တရားဝင် နိုင်ငံကို ကာကွယ်နေတဲ့ စစ်တပ်မဟုတ်ဘူး။ ဒါကြောင့်လည်း ကျနော်တို့ လူငယ်တွေ​ စစ်မှုလုံးဝ မထမ်းချင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၁၂ နာရီအချိန်တွင်ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်ရပ်ကွက်တွင် နေထိုင်သည့် ရခိုင်အမျိုးသမီး ၅ ဦးကိုလည်း စစ်ကောင်စီအဖွဲ့သားများက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ