Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်-အိန္ဒိယ နယ်စပ် မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်များအား အာသံရိုင်ဖယ် အိန္ဒိယနယ်ခြားစောင့်တပ်က နှိပ်စက်မှုများ ပြုလုပ်နေ

ရခိုင်-အိန္ဒိယ နယ်စပ်ဒေသရှိ မီဇိုရမ် ပြည်နယ်တွင် နေထိုင်လျက်ရှိကြသည့် ရခိုင်ရွာများနှင့် ရခိုင်နှင့် ပလက်ဝဒေသများဖက်မှ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များအား အာသံရိုင်ဖယ် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့မှ နှိပ်စက်မှုများ ပြုလုပ်လျက်ရှိနေကြောင်း ABN က စုံစမ်းသိရှိရသည်။

လုံလိုင်တွင် အခြေစိုက်ထားသော အာသံရိုင်ဖယ် အိန္ဒိယနယ်ခြားစောင့်တပ်လက်အောင်ခံ ဇိုရန်ပွီ စခန်း တာဝန်ခံဗိုလ်မှူး ရာဟူး-Rahul ဦးစီးသည့် အဖွဲ့များသည် ရခိုင်-အိန္ဒိယနယ်စပ်ဒေသ မီဇိုရမ်ပြည်နယ်ရှိ ရခိုင်အခေါ် ရွာသိုက်-အိန္ဒိယအခေါ် Hmawngbuch (ရခိုင်ရွာ) နှင့် တက်ပုချေ-Zorinpui (မြုံရွာ) များတွင် စစ်ဘေးရှောင်လျက်ရှိသည့် စစ်ဘေးရှောင် ၆၀၀ ခန့်ရှိပြီး အချို့ကို ဖမ်းဆီးစစ်ဆေးမှု၊ ရိုက်နှက်မှု စသည့်နှိပ်စက်မှုများ ပြုလုပ်လျက်ရှိကြောင်း ရွာသိုက်ရွာ- Hmawnghuch(ရခိုင်ရွာ) မှ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ရွာသားတစ်ဦးက ABN ကိုပြောသည်။

ဗိုလ်မှူး ရာဟူး (Rahul) တို့အဖွဲ့တွေ ကျနော်တို့ ရွာသားတွေနဲ့ စစ်ဘေးရှောင်တွေကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်အောင် အမျိုးမျိုး ဒုက္ခပေးလို့ ရှိနေပါတယ်။ တခါ မဟုတ်ပါဘူး၊ ထပ်ခါ ထပ်ခါ နှိပ်စက်နေတာပါ။ သူတို့မှာက သေနတ်တွေနဲ့ဆိုတော့ ကျနော်တို့လည်း ဘာမှ ပြန်မပြောရဲပါဘူး ဟု ပြောသည်။

ထို့အပြင် အာသံရိုင်ဖယ် နယ်ခြားစောင့်တပ်ဖွဲ့ ၊ ဇိုရန်ပွီ စခန်း တာဝန်ခံ ဗိုလ်မှူး ရာဟူး (Rahul) တို့အဖွဲ့သည် ရွာသိုက်-Hmawngbuch (ရခိုင်ရွာ)မှ စစ်ဘေးရှောင်များပိုင်သည့် စက်လှေ ၂ စီးကို ဒီဇင်ဘာ ၂၈ ရက်နေ့က အတင်းအဓမ္မ ယူဆောင်သွားကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်ရှောင်ဒုက္ခသည်တွေပိုင်တဲ့ စက်လှေ ၂ စီးကိုလည်း ဗိုလ်မှူး ရာဟူး (Rahul) တပ်ဖွဲ့က ဘာအတွက်ယူလဲဆိုတာကလည်း မပြောဘဲ အတင်းအဓမ္မ ယူသွားပါတယ်။ မပေးရင် သတ်မယ် ပြောပြီး ယူသွားကြပါတယ်။ ကျနော်တို့ သိထားတာတော့ မြန်မာစစ်တပ်ကို ရိက္ခာပို့ဖို့ ယူသွားတာလို့ သိရပါတယ် ဟု ပြောသည်။

ရွာသိုက်-Hmawngbuch (ရခိုင်ရွာ) ကျောင်းထိုင်ဘုန်းကြီးမှာလည်း အာသံရိုင်ဖယ်အဖွဲ့က ဖမ်းဆီး၍ သင်္ဃန်းချွတ်သတ်မည်ဟု ခြိမ်းခြောက်ပြောလာသောကြောင့် ဒီဇင်ဘာ ၁၉ ရက်နေ့က ထွက်ပြေးတိမ်းရှောင်နေရပြီး၊ ထိုကျောင်းထိုင်ဘုန်းကြီးအား လိုက်ပို့ခဲ့သည်ဟု သံသယရှိသည့် စစ်ဘေးရှောင် ၁ ဦးလည်း ထိုအာသံရိုင်ဖယ်အဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့ည ၁၁ နာရီခန့်ကဖမ်းဆီးပြီး သွေးထွက်သံယိုဖြစ်အောင်ရိုက် နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ရွာသားများ ပြောကြားချက်အရ သိရသည်။

ရွာသိုက်ရွာက ဘုန်းကြီးလည်းပဲ ထွက်ပြေးနေရတယ်။ အာသံရိုင်ဖယ်က ဗိုလ်မှူး ရာဟူး-(Rahul) က သင်္ဃန်းချွတ်ပြီးသတ်မယ် ပြောပြီး ခြိမ်းခြောက်လို့ ထွက်ပြေးသွားတယ်။ အဲဒီနောက်မှာ ဆရာတော်ကို လိုက်ပို့တယ်ဆိုပြီး စွပ်စွဲပြီးတော့ စစ်ရှောင် ၁ ယောက်ကို ဖမ်းပြီးရိုက်တာ နားရွက် နှင့် နှာခေါင်းက သွေးတွေတောင် ထွက်တယ်၊ ဒုတ် ၂ ချောင်း ကုန်အောင် ရိုက်တယ် ဟုပြောသည်။

ရိုက်နှက်ခံခဲ့ရသူမှာ ကျောင်းဆရာ ဦးကျော်ဝင်းဖြစ်ပြီး ၎င်းမှာ ရွာသိုက်ရွာတွင် စစ်ဘေးရှောင်းရှောင်နေသည့် စစ်ဘေးရှောင် တစ်ဦးဖြစ်ပြီး ၎င်းကို ရိုက်နှက်စဥ် ဗိုလ်မှူး ရာဟူးတို့အဖွဲ့မှာ အရက်သေစာများ မူးယဇ်နေကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ထိုသို့ အိန္ဒိယ နယ်ခြားစောင့်တပ်အနေဖြင့် စစ်ဘေးရှောင်များနှင့် အိန္ဒိယနယ်စပ်ရှိ ရခိုင်ရွာသားများကို နှိပ်စက် ညှင်းပမ်းခြင်းမှာ မင်းမဲ့စရိုက်ဆန်သည့်အပြင် နယ်စပ်ဒေသတွင် အိန္ဒိယ အစိုးရ၏ ဥပဒေစိုးမိုးမှု အားနည်းရာရောက်ကြောင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ရာရောက်ကြောင်း ရခိုင်ဝါရင့် နိုင်ငံရေး သမားတစ်ဦးက ၎င်း၏ သဘောထားကို ပြောသည်။

သူတို့အနေနဲ့ ဒီလိုမျိုး အပြုအမူမျိုးတော့ မလုပ်သင့်ဘူး။ အားကိုးလို့ ခိုလှုံလာတဲ့ ဒုက္ခသည်တွေကို မကူညီနိုင်ရင်တောင် ဒုက္ခမပေးသင့်ဘူး။ နောက်ပြီး အိန္ဒိယ နယ်စပ်ဒေသမှာ အိန္ဒိယအစိုးရက အာဏာမစိုးမိုး သက်ရောက်မှု မရှိတာကို ပြနေတယ်။ နယ်စောင့်တပ်တွေအနေနဲ့ကလည်း ဂိုဏ်းစတားလို စရိုက်ဆန်တာမျိုးက ၂ နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်လာနိုင်တယ်။ ပြီးရင် ဒါဟာ လူ့အခွင့်အရေး ကြီးကြီးမားမား ချိုးဖောက်မှုပဲလို့ ပြောချင်တယ် ဟု ABN ကိုပြောသည်။

ဇိုရန်ပွီစခန်းတာဝန်ခံ ဗိုလ်မှူး ရာဟူး-Rahul ဦးစီးသည့် အဖွဲ့သည် ရခိုင်-အိန္ဒိယ နယ်စပ်ရှိ ရခိုင်ရွာ၊ မြုံရွာများမှာ ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝဖက်မှ လာရောက် စစ်ဘေးရှောင်လာကြသည့် စစ်ရှောင်များအား နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်လျက်ရှိသည့်အပြင်၊ မကြာခဏ ညဖက်တွင် ရွာသားများနှင့် စစ်ဘေးရှောင်များအား လူစုခိုင်းပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ရွာသားများပြောကြားချက်အရ သိရသည်။

တိုက်ပွဲများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်နယ် ပလက်ဝဖက်မှ ရခိုင်-အိန္ဒိယနယ်စပ်ဒေသရှိ ကျေးရွာများတွင် စစ်ဘေးရှောင်လျက် စစ်ဘေးရှောင် ဦးရေ ၆၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ