Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးအမှုအား စစ်ဆေးမှုပြုလုပ်ခြင်းမရှိဘဲ ရုံးချိန်းထပ်ရွှေ့

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးအမှုအား စစ်ဆေးမှုပြုလုပ်ခြင်းမရှိဘဲ ရုံးချိန်းထပ်ရွှေ့

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၃ရက်

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို စက်တင်ဘာလ ၁၂ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်က စစ်တွေမြို့ တွဲဖက်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး စစ်ဆေးမေးမြန်းခြင်း တစ်စုံတစ်ရာမရှိဘဲ ရုံးချိန်းရွှေ့ပေးလိုက်ကြောင်းသိရှိရသည်။

ဒေါ်ညိုအေးကို သြဂုတ်လ ၂၉ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်က စစ်တွေမြို့တွဲဖက်မြို့နယ်တရားရုံးတွင် တရားသူကြီးမှ စွဲချက်တင်၍ အမှုလက်ခံကာ ရုံးချိန်းပေးခဲ့သည်။

တရားသူကြီးမှ အမှုလက်ခံခဲ့သည့်အချိန်က ဒေါ်ညိုအေးအမှုစစ်ဆေးရန်အတွက် ကျောင်းသားသမဂ္ဂမှ ကျောင်းသားခေါင်းဆောင်များကိုဖမ်းဆီးပြီးမှ စစ်ဆေး၍ရမည်ဖြစ်ကြောင်း တရားရုံးထဲတွင် ထွက်ဆိုခဲ့သည်။

စက်တင်ဘာလ ၁၂ရက်နေ့က ပထမအကြိမ်ရုံးထုတ်ခဲ့ပြီး စက်တင်ဘာလ ၁၈ရက်နေ့သို့ ရုံးချိန်ပေးလိုက်သည်ဟု စစ်တွေဒေသခံတစ်ဦးကပြောသည်။

” စစ်ဆေးတာမျိုးမရှိဘူး၊ ရုံးထုတ်လာတယ်၊ ခဏကျတော့ပြန်ပြီး ခေါ်သွားတယ်၊ ပြီးတော့ တရားသူကြီးက ရုံးချိန်ပေးလိုက်တယ်၊ ဒီလောက်ပါပဲ ” ဟုပြောသည်။

ဒေါ်ညိုအေးသည် သြဂုတ်လ ၁၅ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် ၎င်းနေအိမ်မှ အမှတ် ၁စခန်းမှူးအပါဝင် တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

ဒေါ်ညိုအေး ဖမ်းဆီးရခြင်းမှာ စစ်တွေတွင် သြဂုတ် ၁၃ ဆန်ပြဿနာနေ့ကို တတ်ရောက်ခဲ့၍ဖမ်းဆီးရခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၃နေ့ကို ဒေါ်ညိုအေးက ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းမဟုတ်ပဲ ဖိတ်ကြားသူအနေ့နဲ့သာ တတ်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သမီးဖြစ်သူမှ ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေါ်ညိုအေးမှာ သွေးတိုးရောဂါရှိပြီး၊ နှလုံးအားနည်းသောကြောင့် တခါ တလေ ကျန်းမာရေးအခြေအနေကိုစိုးရိမ်မိကြောင်း သမီးဖြစ်သူမှပြောဆိုခဲ့သည်။

ကျောင်းသားသမဂ္ဂမှ ကျောင်းသားခေါင်းဆောင်များကလည်း စစ်ကောင်စီထံ အဖမ်းခံစရာအကြောင်းမရှိဟု ABNသို့ပြောဆိုခဲ့သည်။

သြဂုတ် ၁၃ဆန်ပြဿနာနေ့ကို စစ်တွေမြို့တွင် ရကသ က ဦးဆောင်ပြုလုပ်ကျင်းပခဲ့ပြီး ပွဲကျင်းပပြီးစီးချိန်တွင်လည်း စစ်ကောင်စီမှ ခေါ်၍စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ