Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးအား ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီးမှ အမှုစစ်ဆေးမည်ဖြစ်ကြောင်း တရားသူကြီးပြော

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးအား ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးပြီးမှ အမှုစစ်ဆေးမည်ဖြစ်ကြောင်း တရားသူကြီးပြော

ABN-ရှိုင်းမိုး

သြဂုတ် ၃၁ရက်

ရခိုင်ပြည် စစ်တွေမှ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို သြဂုတ်လ ၂၉ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်က စစ်တွေမြို့ တွဲဖက်မြို့နယ်တရားရုံးတွင် တရားသူကြီးမှ စွဲချက်တင်၍ အမှုလက်ခံခဲ့ပြီး စတင်ဘာလ ၁၂ရက်သို့ ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

ဒေါ်ညိုအေးကို စွဲချက်တင်ရာတွင် တရားသူကြီးမှ ရခိုင်ကျောင်းသားသမဂ္ဂ ကျောင်းသားခေါင်းများကို ဖမ်းဆီးပြီးမှ ဒေါ်ညိုအေးအမှုကို စစ်ဆေးသွားမည်ဟု ပြောခဲ့ကြောင်းသိရသည်။

ဒေါ်ညိုအေးကို စွဲချက်တင်ပြီး ရုံးချိန်ပေးလိုက်သည့်အကြောင်းနှင့် ကျောင်းသားသမဂ္ဂများကို ဖမ်းဆီးပြီးမှ အမှုစစ်ဆေးမည်ဟု ပြောခြင်းသည် အဓိပ္ပါယ်မရှိသောစကားဖြစ်ပြီး မိသားစုနှင့် ပြည်သူတရပ်လုံးကို ခြိမ်းခြောက်လိုက်တာနဲ့ တူသည်ဟု သမီးဖြစ်သူ မစောမြသန္တာက ပြောသည်။

” စွဲချက်တင်လို့ ရုံးချိန်းနေ့ကိုပေးလိုက်ပြီး ဒေါ်ညိုအေးအမှုကိုစစ်ဖို့အတွက် ကျောင်းသားသမဂ္ဂကိုဖမ်းမိမှဆိုတဲ့ တရားသူကြီးစကားသံက အဓိပ္ပါယ်ကိုမရှိတာ၊ တကယ်လို့ သူတို့အဲလိုလုပ်မယ်ဆိုရင်တောင် တရားခွင်မှာပြောရမဲ့စကားမဟုတ်ဘူး၊ ဒါက ​ပြည်သူတရပ်လုံးကိုခြိမ်းခြောက်တာနဲ့တူပါတယ်” ဟုဆိုသည်။

စစ်တွေကျောင်းသား သမဂ္ဂခေါင်းဆောင်များမှ သြဂုတ် ၁၃ ဆန်ပြဿနာနေ့ကို ပြုလုပ်ကျင်းပရာတွင် ထိုပွဲကို ဒေါ်ညိုအေးက ဖိတ်ကြားသူတစ်ယောက်အနေနဲ့သာတတ်ရောက်ခဲ့သောကြောင့် စစ်ဆေးမေးမြန်စရာရှိရင်လည်း စစ်တွေကျောင်းသားသမဂ္ဂများကို စစ်ဆေးပြီးမှ ဒေါ်ညိုအေးအားမေးမြန်းသင့်သည်ဟု သမီးဖြစ်သူဆက်ကပြောသည်။

“ကျောင်းသားတွေကိုဖမ်းမိမှ ဒေါ်ညိုအေးအမှုကိုစစ်မယ်ဆိုတော့ ကျောင်းသားတွေကို မဖမ်းမိရင် ဒေါ်ညိုအေးကို မစစ်တော့ဘူးလား၊ ဒါဆိုရင် အစကတည်းက ဘာလို့ဖမ်းခဲ့တာလဲ၊ ကျောင်းသားတွေကို စစ်လို့ပြီးရင် ဒေါ်ညိုအေးကိုခေါ်လို့ရတာပဲကို၊ ဒေါ်ညိုအေးက ဒီတိုင်းဘဲနေသွားရမှာလား” ဟု ပြောသည်။

ဒေါ်ညိုအေးမှာ သွေးတိုး၊ ရောဂါရှိပြီး နှလုံးအားနည်းသည့်ရောဂါလည်းရှိသည်ဟု သမီးဖြစ်သူကပြောသည်။

“အမေက နှလုံးမကောင်းပါ၊ ဒါပေမယ့် ဆိုးဆိုးဝါးဝါးတော့မဟုတ်ပါဘူး၊ အမေက ခံနိုင်ရည်ရှိတယ်၊ သွေးတိုးရောဂါကျတော့ ခဏ ခဏ ဖြစ်ဖူးတယ်၊ သွေးတိုးလို့ရှိရင် နှလုံးလည်းအားနည်းပါတယ်၊ ဒါကြောင့် ကျွန်မက အမေသွေးတိုးရှိလို့ပိုပြီးစိုးရိမ်တယ်၊ အစားအသောက်တွေကအစ သတိထားရတယ်” ဟုဆိုသည်။

ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးကို သြဂုတ်လ ၁၅ရက်နေ့ နေလည့်ပိုင်း ၁၂နာရီအချိန်ခန့်က အမှတ် ၁ ရဲစခန်းမှ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုမောင်သူအောင်က စစ်ကောင်စီ၏တရားရုံးက လုပ်ထုံးလုပ်နည်းအတိုင်းလုပ်နေခြင်းမဟုတ်သောကြောင့် ယုံကြည်စရာမရှိသလို စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုလက်ခံစရာအကြောင်းမရှိကြောင်း ABNသို့ပြောသည်။

“သူတို့ရဲ့ တရားစီရင်ရေးက ယုံကြည်နိုင်စရာမရှိဘူး၊ပြီးတော့ သူတို့က ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းလုပ်နေတာမဟုတ်ဘူး၊ ကျွန်နော်တို့သူတို့ဖမ်းဆီးတာခံစရာလည်းအကြောင်းမရှိဘူး” ဟုဆိုသည်။

တရားသူကြီးတစ်ယောက်အနေ့နဲ့ ကျောင်းသားတွေကို ဖမ်းဝရမ်းထုတ်လိုက်တာက ရခိုင်မှာရှိနေတဲ့ ကျောင်းသားတွေနဲ့ ပြည်သူလူထုကို စော်ကားရာရောက်တယ်လို့ ကျွန်နော်တို့သတ်မှတ်တယ်၊ ကျွန်တော်အနေ့နဲ့ သူတို့ဆီမှာ ခေါင်းငုံ့ခံစရာအကြောင်းမရှိဘူး၊ ပြီးတော့ သူတို့တရားစီရင်ရေးကိုအသိအမှတ်လည်းမပြုပါဘူး” ဟု ကျောင်းသားဥက္ကဌ ကိုမင်းကိုအောင်က ဆက်ပြောသည်။

စစ်တွေကျောင်းသားသမဂ္ဂအသင်းမှ သြဂုတ် ၁၃ ဆန်ပြဿနာနေ့ကို ယခုနှစ်အပါဝင် ၁၁ နှစ်ပြုလုပ်ကျင်းပခဲ့သည်ဟုသိရသည်။

​​​သြဂုတ် ၁၃ ဆန်ပြဿနာနေ့ပြုလုပ်ပြီး​ချိန်တွင်လည်း စစ်တွေအမှတ် ၁ ရဲစခန်းမှ ခေါ်ယူစစ်ဆေးတာမျိုးရှိခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၃ဆန်ပြဿနာနေ့သည် ရခိုင်ပြည်သူတရပ်လုံးက စီးပွားရေးအကျပ်ဘေးရင်ဆိုင်နေခဲ့ရသည့်အချိန်တွင် ဆန်ရရှိရေးကို တောင်းဆိုကြသည့်နေ့ ဖြစ်ပြီး ထိုနေ့က ပြည်သူ ရာနဲ့ချီ ပစ်သတ်ခံခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ