Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်အဆိုတော် ညီထွေး နိုင်ငံခြားပို့မည်ဟု အာမခံပြီး ငွေများကို လက်ခံကာ ထွက်ပြေး

ရခိုင်အဆိုတော် ညီထွေး နိုင်ငံခြားပို့မည်ဟု အာမခံပြီး ငွေများကို လက်ခံကာ ထွက်ပြေး

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် လမုန်းတိုင်ရွာ မှ ကိုမောင်ဖြူချေ (ခ) အဆိုတော် ကိုမြတ်ခိုင်မျိုးထံမှ ၄၈ သိန်းကို ရခိုင်အဆိုတော် ညီထွေးက လိမ်လည်၍ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

ကိုမြတ်ခိုင်မျိုးသည် ဂျပန်သို့အလုပ်သွားလုပ်ရန်အတွက် ကြားခံပွဲစားဖြစ်သူ အဆိုတော် ညီထွေးထံသို့ ငွေ ၄၈သိန်းအား ကြိုတင် ပေးထားခြင်းဖြစ်ပြီး ထိုငွေကိုလည်းပြန်မပေး၊ ဂျပန်သို့လည်း မပို့ပေးဘဲ အဆက်အသွယ်ဖြတ်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ပြောသည်။

၂၀၂၂ ခုနှစ် စတင်ဘာလတွင် ဂျပန်သို့သွားရန်အတွက် ကျပ်ငွေ ၄၈ သိန်းကို ညီထွေးထံတွင် ပေးအပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေ​ဖော်ဝါရီလတွင် အဆက်အသွယ်ဖြတ်ခံခဲ့ရကြောင်း မြတ်ခိုင်မျိုးက ABN သို့ပြောသည်။

” ၂၀၂၂ခုနှစ်မှာပါ၊ ဂျန်ပန်ကိုသွားဖို့အတွက် ညီထွေးကို ပိုက်ဆံအပ်တယ်၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ရွှေပြည်သာဘုန်းတော်ကြီးကျောင်းကိုအလည်သွားတယ်၊ ညီထွေးဆီမှာ ပွဲစားခသွင်းထားတဲ့ သူငယ်ချင်းတွေက ကျနော့်ကိုမေးတယ်၊ ညီထွေးကိုဖုန်းဆက်လို့ရလားတဲ့၊ ကျနော်လည်းမသိဘူးလို့ပြောတယ်၊ အခုဆက်ကြည့်လိုက်မယ်လို့ခေါ်တော့ အဆက်အသွက်မရတော့ဘူး”ဟု ဆိုသည်။

၎င်းတို့ ၂ ဦးသည် အနုပညာလုပ်ငန်းကို အတူလုပ် ကိုင်နေခဲ့ကြပြီး ညီအစ်ကိုအရင်းလို နှစ်ရှည်စွာ ခင်မင်ပေါင်းသင်းနေခဲ့သည့်အတွက် ယုံကြည်မှုဖြင့် ဂျပန်သို့သွားမည့်ငွေကို ညီထွေးနှင့်တိုင်ပင်ခဲ့ရာ သူက ၎င်းတွင် အဆက်သွယ်ရှိကြောင်း၊ ငွေကိုအပ်ထားလို့ရပြီး သွားမည့်နေ့ကျလျှင် ပြန်ယူသွားပါဟု ပြောခဲ့ကြောင်း ၎င်းက ဆက်၍ပြောသည်။

“ကျနော်တို့ ၂ ယောက်အနုပညာလုပ်နေကြတာပါ ၊ သူနဲ့ခင်မင်လာတာက ၃ နှစ်နီးပါးရှိပါပြီ၊ ညီထွေးနဲ့ကျနော်က ညီအစ်ကိုအရင်းလိုနေလာကြတာ ၊သူကကျနော့်ကိုပြောတယ် နိုင်ငံခြားသွားဖို့ဆိုရင် ဂျပန်အဆက်အသွယ်ရှိတယ်၊ ဂျန်ပန်သွားမယ်ဆိုရင်အမြန်ရောက်မယ်၊ ပိုက်ဆံကို လက်ထဲမှာမထားဝံ့ဘူး၊ ညီထွေးနဲ့တိုင်ပင်ပါတယ်၊ မင်းနဲ့ငါအတူတူနေကြတာပဲ၊ ငါ့ဆီမှာအပ်ထား၊ သွားမယ့်နေ့ကျရင်ယူသွားဆိုပြီး ၄၈ သိန်း​အပ်ထားလိုက်တယ် “ဟု ဆိုသည်။

ညီထွေးသည် ယခင်က ကို​မြတ်ခိုင်မျိုးနှင့်အတူ အင်းစိန်မြို့ရှိ မုဒိတာအိမ်ရာတွင် နေထိုင်ရန်အတွက် သူ့တွင် ငွေမရှိ၍ မြတ်ခိုင်မျိုး ထံက အကူအညီတောင်းခံခဲ့ပြီး ငွေ ၂ သိန်းထုတ်ပေးခဲ့ကြောင်းသိရသည်။

ထို့အပြင် ရသေ့တောင်မြို့နယ်မှ အမျိုးသားတစ်ဦးမှာလည်း ညီထွေးထံတွင် ငွေကျပ်သိန်း ၃၀ ပါသွားခဲ့ပြီး အခြားမြို့နယ်များမှ ရခိုင်လူငယ် ၃၀ ဦးတွင် လည်း ပွဲစားခ ၂ သိန်းစီပါသွားကြောင်းသိရသည်။

ညီထွေးသည် ရမ်းဗြဲမြို့ဇာတိဖြစ်ပြီး ရန်ကုန်မြို့၊ယုဇနမြို့တော် ဒဂုံဆိပ်ကမ်းတွင်နေထိုင်ကာ အနုပညာလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ကြောင်း နှင့် ထောက်ကြန့်တွင်လည်းအဝတ်အထည်ဆိုင်ဖွင့်ထားကြောင်းသိရသည်။

အဆိုတော် ညီထွေးသည် ရခိုင်သီချင်းရေး/ဆိုသူတစ်ဦးဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ