Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်သားပွဲစားများက ရခိုင်ပြည်သူများကို တရုတ်နှင့် မိုင်းလားသို့အလုပ် လုပ်ရန်ပို့ပေးမည်ဟု လိမ်ခေါ်ကာ ငွေယူပြီး အဆက်အသွယ်ဖြတ်ပြီး ပစ်ထားခဲ့

ABN -ကိုဟိန်းထွန်း

ဇွန် ၁၆ ရက်

ရခိုင်သားပွဲစားများက ရခိုင်ပြည်သူများကို တရုတ်နိုင်ငံနှင့် ရှမ်းပြည်နယ် မိုင်းလားမြို့အထူးဒေသ( ၄) သို့ ပို့ပေးမည်ဟု လိမ်ခေါ်ပြီး အဆက်အသွယ်ဖြတ်တောက်၍ ပစ်ထားခဲ့ကြောင်း မိုင်းလားရှိ အမျိုးသားတက်ကြွလှုပ်ရှားသူများအဖွဲ့ (မိုင်းလား) ခေါင်းဆောင် ကိုအောင်လင်းက ABN သို့ပြောသည်။

လူပွဲစားများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲလမ်းချောင်းကျေးရွာမှ အဖ ဦးသန်းစိန်မောင်၏သား အောင်သိန်း၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှ အဖ ဦးမောင်လှဖြူ၏သား ဇော်မင်းထွန်း၊ ပေါက်တောမြို့နယ် ဖဒူကျေးရွာမှ အဖဦးရွှေသိန်း၏သား ဌေးဌေးအောင်၊ ပုဏ္ဏားကျွန်းမြို့နယ် ညောင်ခုန်ကျေးရွာမှ အငယ် နှင့် အခြားအမည် စိစစ်ဆဲ ပွဲစားများလည်းရှိကြောင်းသိရသည်။

ထိုအထဲမှ လူပွဲပွဲစား အောင်သိန်းသည် ရဲအရာရှိ ၁ ဦး အပါအဝင် ဒေသခံရှမ်းအမျိုးသား ၁ ဦးနှင့်ပူးပေါင်း၍ ရခိုင်မှ ပြည်သူများကို မိုင်းလားသို့ အလုပ်လာလုပ်ရန် မက်လုံးပေး ခေါ်ယူပြီး ​နေထိုင်ခွင့် ရရှိရန်စာအုပ်လုပ်ပေးမည်ဖြစ်ကြောင်းနှင့် တရုတ်ပြည် ကျိန်းဟုံမြို့မှ စက်ရုံသူဌေးများက လူဦးရေ ၁၀၀ ခေါ်နေကြောင်းပြောဆိုသည့်အပြင် ရက္ခိုင့်တပ်တော်မှ တာဝန်ရှိလူတစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်နေသည့်အတွက် ယုံကြည်စိတ်ချရကြောင်း လိမ်လည်စည်းရုံး၍ ရခိုင်မှ ရခိုင်သားများကို လိမ်လည်ခေါ်ဆိုခဲ့ကြောင်း ကိုအောင်လင်းက ပြောသည်။

“သူက ဒေသခံတွေဖြစ်တဲ့ ရှမ်း ၁ ယောက်နဲ့ ရဲအရာရှိတစ်ယောက်ကို ပူးပေါင်းဆက်သွယ်တယ်၊ ရခိုင်ကလူတွေခေါ်ပြီး နေထိုင်ခွင့်စာအုပ်တွေလုပ်ပေးမယ်လို့လိမ်တယ်၊ တရုတ်ပြည်ကသူဌေးတွေရဲ့စိုက်ခင်းတွေမှာ လူအယောက် ၁၀၀ လောက်လိုတယ်လို့ပြောတယ်၊ ရက္ခိုင့်တပ်တော်က အရာရှိတစ်ယောက်နဲ့ပူးပေါင်းလုပ်ဆောင်တယ်လို့ လိမ်ပြောတယ်၊ လူတစ်ယောက်ကို တရုတ်ယွမ် ၂၅၀၀ ပေးရင်ရတယ်လို့ လိမ်လည်စည်းရုံးပါတယ်” ဟု ဆိုသည်။

လူပွဲစားထံအလိမ်ခံရပြီး တရုတ်ယွမ် ၂၀၀၀ ပေးလိုက်ရသော ပုဏ္ဏားကျွန်းမြို့နယ် ဘဲခိုးကျေးရွာမှ ဦးမောင်လူပု၊ ဒေါ်လှသန်းဝင်း ၊ကိုညီညီဌေး၊ ဆင်ထိမ်းကြီးကျေးရွာမှ ဦးညီသိန်းချေ၊ မြောက်ဦးမြို့နယ် စပါကျေးရွာမှ မောင်သိန်းစော၊ ဒေါမိုးမိုးဌေး၊ ဒေါ်လှစောဝင်းတို့ဖြစ်ကြကြောင်းသိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် လူပွဲစားဇော်မင်းထွန်းသည် မင်းပြားမြို့နယ်အထက် နပျိုချောင်းကျေးရွာမှ အဖဦးစိန်ကျော်တင်၏သား မောင်သန်းမြင့်ကို ​မြန်မာငွေကျပ် ၇ သိန်းဖြင့် ကျိုင်းခမ်းမြို့တွင်အလုပ်ရှာပေးရန်လိမ်လည်ခေါ်ဆောင်ခဲ့ပြီး အလုပ်ရှာမပေးဘဲ ငွေကြေးယူကာ ပစ်ထားခဲ့ကြောင်း ကိုအောင်လင်းက ပြောသည်။

“မင်းပြားမြို့နယ်အထက်နပျိုချောင်းရွာက လူတစ်ဦးကို ပိုက်ဆံ ၇ သိန်းတောင်းပြီး ကျိုင်းခမ်းမှာအလုပ်ရှာပေးမယ်လို့ပြောပြီးခေါ်လာတယ်၊ ကျိုင်းခမ်းရောက်တော့ အလုပ်ရှာမပေးပဲနဲ့ ပစ်ထားခဲ့တယ်” ဟု ၎င်းမှဆိုသည်။

ဇော်မင်းထွန်းသည် ယခင်ကလည်း မင်းပြားမြို့နယ် ကုလားမတောင်ရွာမှ လူ ၉ ဦးကို ငွေ ၇ သိန်းစီဖြင့် ခေါ်ခဲ့ယူပြီးကျိုင်းခမ်းသို့ရောက်ချိန်တွင် အလုပ်ရှာမပေးဘဲ ပစ်ထားခဲ့ကြောင်းသိရသည်။

ကုလားမတောင်ကျေးရွာမှ ငွေလိမ်ခံရသူများဖြစ်သော ဦးကျော်ထွန်း၊ ဦးမောင်လှဝင်း၊ မောင်လှသိန်းကျော်၊ မောင်ဦးရွှေစိုး ၊မောင်နိုင်ချေ၊ မဦးဝင်းကြည်၊ မကြည်အေး၊ မရီရီသန်း၊ မောင်စောဌေးလင်းတို့ဖြစ်ကြသည်။

ထို့အပြင် ပေါက်တောမြို့နယ် မင်းဘာကျေးရွာမှ လူ ၂၀ ကျော်နှင့်စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်များမှ လူ ၁၀ ကျော်ကို အခြားပွဲစား ၂ ဦးဖြစ်သည့် ဌေးဌေးအောင်နှင့် အငယ်တို့သည် မိုင်းလားသို့ခေါ်ကာ ငွေယူ၍ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

မိုင်းလားသို့အလုပ်လာလုပ်မည့်သူများသည် ၎င်းတို့ဆက်သွယ်ထားသည့် ပွဲစားများ၏ နေရပ်လိပ်စာအပြည့်အစုံကို သေချာစုံစမ်းစေချင်ကြောင်း၊ ယခုလိုလူလိမ်များနေသည့်အချိန်မှာ မလာလျှင်ပို၍သင့်တော်ကြောင်း ကိုအောင်လင်းက ပြောသည်။

“မိုင်းလားကိုအလုပ်လာလုပ်မယ့်သူတွေဟာ မိမိတို့ချိတ်ဆက်ထားတဲ့ပွဲစားတွေရဲ့ နေရပ်လိပ်စာတွေကို အသေအချာစုံစမ်းစေချင်ပါတယ်၊ မိုင်းလားမှာတော့ လူလိမ်တွေများပါတယ်၊ ဖြစ်နိုင်ရင် အခုချိန်မှာမလာတာက ပိုလို့သင့်တော်ပါတယ် “ဟု ဆိုသည်။

လက်ရှိတွင်ပွဲစားများသည် ယခင်လိုပေါ်ပေါ်ထင်ထင်မလုပ်သည့် ပွဲစားများရှိသလို လျှို့ဝှက်လုပ်နေသောပွဲစားများစွာရှိကြောင်း ABN မှ ထောက်လှမ်းချက်အရသိရသည်။

ဓာတ်ပုံ-လူလိမ်ပွဲစားများ၏ ပုံများ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။