Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ရှိ ရေလွှမ်းမိုးခံခဲ့ရသော မြို့နယ် ၈ခုတွင် စပါးများပျက်စီးသွား၍ ပြန်လည်စိုက်ပျိုးရန် အခက်အခဲများစွာရှိနေကြောင်း လယ်သမားများပြောကြား

ရခိုင်ရှိ ရေလွှမ်းမိုးခံခဲ့ရသော မြို့နယ် ၈ခုတွင် စပါးများပျက်စီးသွား၍ ပြန်လည်စိုက်ပျိုးရန် အခက်အခဲများစွာရှိနေကြောင်း လယ်သမားများပြောကြား

ABN-ရှိုင်းမိုး

သြဂုတ် ၁၄ရက်

ဇူလိုင်လ ၃၁ရက်နေ့က ရခိုင်တွင် မုန်တိုင်းငယ်တိုက်ခိုက်ခဲ့ပြီး မြို့နယ် ၈မြို့နယ်တွင် မိုးကြီး၍ ရေလွှမ်းမိုးသောကြောင့် လယ်ယာမြေများ ဆုံးရှုံးခဲ့ရသည်ဟု လယ်သမားများပြောကြားချက်အရသိရသည်။

တောင်ကုတ်မြို့ ပတန်းတိုက်နယ်ဒေသနဲ့ တန်းလွှဲဒေသဖက်တို့တွင် ရေကြီးခြင်းကြောင့် တာတမံကျိုးပျက်သွား၍ စပါးစိုက်ပျိုးထားသည့်လယ်ယာမြေများ ရေလွှမ်းမိုးခံခဲ့ရကား ပျက်စီးသွားခဲ့သည်ဟုသိရသည်။

တောင်ကုတ်မြို့နယ် တန်းလွှဲတိုက်နယ်ဒေသရှိ သက္ကေကျွန်းနှင့် ပန်းတင်ကျွန်းဒေသတွင် ရေကြီး၍ တာတမံများကျိုးကျပျက်စီးသွားခဲ့သည်။

တာတမံများပျက်စီးသွားသောကြောင့် စပါးကွင်းများထဲသို့ရေဝင်၍ လယ်ကွင်းများရေနစ်မြုပ်ခဲ့ပြီး စပါးပင်များပျက်စီးခဲ့သည်။

လက်ရှိတွင် ထိုပျက်စီးသွားသော လယ်များတွင် ထပ်မံစပါးစိုက်ပျိုးရန် မျိုးစပါးလုံလောက်မှုမရှိခြင်း၊ မိုးပြဿနာရှိနေခြင်းနှင့် မျိုးစပါးများဝယ်ယူရေးအတွက် ခက်ခဲနေရကြောင်း ကန်ပိုင်အုပ်ချုပ်ရေးမှူးကပြောသည်။

“လယ်ကပျက်စီးသွားတယ်၊ ဘယ်လောက်လဲတော့ကျွန်နော်လည်းတိတိကျကျမပြောနိုင်သေးပါဘူး၊ ပြန်စိုက်လို့ရပါတယ်၊ ဒါပေမယ့် မိုးအခြေအနေနှင့် မျိုးစပါးအခြေအနေပေါ်မှာမူတည်ပါတယ်၊ တကယ်လို့ နောက်ထပ် ၁၀ရက် ၁၅ ရက်ပဲအချိန်ကရနိုင်မယ်၊ မိုးကလည်းရွာဖို့လိုသေးတယ်၊ နောက်ပြီး မျိုးစေ့အခက်ခဲတွေရှိသေးတယ်” ဟု၎င်းကပြောသည်။

စပါးစတင်စိုက်ပျိုးချိန်က စပါး ၁တင်းကို ၈၀၀၀ မှ ၁၀၀၀၀ ပေး၍ဝယ်ရသော်လည်း လက်ရှိတွင် စပါးများပျက်စီးမှုများပြီး၊ မျိုးစပါး ၁တင်းကို ၂၀၀၀၀ ထိပေးဝယ်နေရကြောင်း ကန်ပိုင်အုပ်ချုပ်ရေးမှူးကဆက်လက်ပြောကြားလာသည်။

“စပါးစစိုက်ချိန်ကတော့ ၁တင်းကို ၈၀၀၀ပေးရတယ်၊ အများဆုံးပေးရရင် ၁၀၀၀၀လောက်ပါပဲ၊ အခုဆိုရင် ၂၀၀၀၀ ထိပေးဝယ်နေရတယ်၊ ဒါပေမယ့်အခုမျိုးစပါး ဝယ်ရတာခက်ခဲနေတယ်၊ လယ်သမားတွေက မျိုးစပါး အပိုသိပ်မရှိဘူး၊ ရှိရင်လည်း အများကြီးမဟုတ်ဘူး” ဟုဆက်လက်ပြောသည်။

အလားတူ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်ဒေသတို့တွင်လည်း လယ်ဧကပေါင်း ၅၂၀၀၀ ကျော်အ ထိရေလွှမ်းမိုးခံခဲ့ရသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဌ ဦးကျော်ဇံမှ ခန့်မှန်းပြောဆိုသည်။

“ရေလွှမ်းမိုးခံရတာက ဧက ၅သောင်းကျော်လောက်ရှိတယ်၊ ဒါပေမယ့် ရေမြုပ်တဲ့စပါးခင်းအားလုံးက ပျက်စီးတာမဟုတ်ဘူး၊ တချို့လယ်တွေဆိုရင် ပိုပြီးအဆင်ပြေသွားတယ်လို့ပြောလို့ရတယ်၊ ပုံစံကတော့ ၃မျိုးခွဲပြီးပြောလို့ရမယ်၊ တချို့နေရာတွေမှာဆိုရင် စပါးပင်တွေက ပြိုကျသွားတယ်၊ နေရာဒေသအလိုက်က မတူညီကြဘူး” ဟုဆိုသည်။

တစ်တောင်နီးပါး ရှည်နေသည့် စပါးပင်များမှာ အပင်၏ အလည်ဗဟိုမှပျက်စီးသွားသောကြောင့် ၎င်းလယ်ကွင်းများမှာလုံးဝပျက်စီးသွားကြောင်း မင်းပြားမြို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။

“စပါးပင်တွေ ရေလွှမ်းမိုးခံရတာချင်းမတူကြဘူး၊ တချို့အပင်တွေဆိုရင် နွံ့ဖုံးသွားတဲ့ပုံစံမျိုး၊ တချို့အပင်တွေဆိုရင် အပင်အလယ်ပိုင်းကနေပြီးပြတ်ထွက်သွားတာမျိုး၊ အဲလို့မျိုးဆိုရင် လုံးဝကိုမရတော့ဘူး” ဟုဆိုသည်။

စပါးပြန်လည်စိုက်ပျိုးနိုင်ရန် အချိန် ၇ ရက်ခန့် ရသေးသော်လည်း မျိုးစေ့စပါးအခက်အခဲရှိကြောင်း နောက်ထပ် တောင်သူတစ်ဦးက ပြောသည်။

” ထပ်စိုက်လို့ရပါသေးတယ်၊ အချိန်က အများတော့မရဘူး ၁ပတ်လောက်ဆိုရင်တော့ရပါသေးတယ်၊ ဒါပေမယ့် မျိုးစေ့ကလွယ်လွယ်ကူကူရဖို့လိုအပ်တယ်၊ အခုလိုအခြေနေမှာ ငွေရှိရင်တောင် မျိုးစေ့က ရနိုင်မှာမသေချာဘူး” ဟုပြောသည်။

ရခိုင်တွင် လယ်ဧက ၁၀သိန်းခန့်ရှိပြီး ထိုအထဲမှ လက်ရှိစပါးစိုက်ပျိုးသည့် လယ်ဧကပေါင်း ၇သိန်းခန့်သာ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ