Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်မှ မူဆလင်များအား ပြည်နယ်လဝကရုံးမှ ငွေအမြောက်အများယူပြီး နိုင်ငံသားစိစစ်ရေး​ကတ်ပြား များထုတ်ပေးနေ

ရခိုင်မှ မူဆလင်များအား ပြည်နယ်လဝကရုံးမှ ငွေအမြောက်အများယူပြီး နိုင်ငံသားစိစစ်ရေး​ကတ်ပြား များထုတ်ပေးနေ

ABN – ဟိန်းထွန်း

ဇူလိုင် ၂၆ ရက်

ရခိုင်ပြည်၊ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးရုံးမှ ငွေအမြောက်အများ ယူပြီး ရခိုင်ပြည်မှ မူဆလင်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးလျက်ရှိသည်ကို ABN ၏ သီးသန့် စုံစမ်းထောက်လှမ်းချက်များအရ သိရှိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားအစိမ်းရောင် ၁ ကတ်လျှင် ကျပ်သိန်း ၃၀ မှ ၄၀၊ အဖြူရောင် ၁ ကတ်လျှင် ၁ သိန်းခွဲကျပ်အထိ အသီးသီး ပေးသွင်းရကြောင်း သိရသည်။

စစ်တွေမြို့ရှိ ပြည်နယ်လဝကရုံးမှ စာရေး ဦးကျော်နိုင်ဦးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန် စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများသို့ သွားရောက်ပြီး စည်းရုံးလှုံဆော်မှုများပြုလုပ်ကာ စာချုပ်စာတမ်းများဖြင့် စီစဥ်လုပ်ဆောင်ပေးကြောင်း အမည်မဖော်လိုသည့် မူဆလင်များက ABN သို့အတည်ပြု ပြောသည်။

၂၀၂၂ ခုနှစ်က မှတ်ပုံတင်ပြုလုပ်ရန် မူဆလင် ၁ ဦးက စစ်တွေမြို့ခံ ၁ ဦးကိုအကူအညီတောင်းခံခဲ့ရာ ၎င်းနှင့်အတူ ပြည်တော်သာရပ်ကွက်ရှိ လဝကရုံးသို့သွားခဲ့စဥ် ၎င်းဌာနမှ ရုံးစာရေး ဦးကျော်နိုင်ဦးက ငွေ ၁၅ သိန်းပေးလျှင် ၂ နှစ်ကြာမည်၊ သိန်း ၃၀ ကျော်ပေးလျှင် တစ်ပတ်အတွင်းရနိုင်မည်ဟုပြောဆိုကြောင်း ၎င်းမှ ABN သို့ပြောသည်။

“မှတ်ပုံတင်လုပ်ဖို့အတွက် မူဆလင် ၁ယောက်က ကျနော့်ကိုအကူအညီတောင်းလာတယ်၊ သူနဲ့အတူ လဝကရုံးသို့သွားတယ်၊ မှတ်ပုံတင်လုပ်ရင် ဘယ်လောက်ကျမှာလဲလို့ လဝကစာရေးကိုမေးပါတယ်၊ ငွေ ၁၅ သိန်း ပေးရင် ၂ နှစ်လောက်စောင့်ရမယ်၊ ၃၀ ကျော်ပေးရင်တော့ တစ်ပတ်အတွင်းရနိုင်မယ်လို့ သူက ပြောတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကျော်နိုင်ဦးနှင့်ဝန်ထမ်းများသည် လဝကရုံးတွင်း မှတ်ပုံတင်များကိုလုပ်ပေးနေရုံသာမက မူဆလင်ရွာများသို့လျှို့ဝှက်သွား၍ မှတ်ပုံတင်လုပ်မည့်မိသားစုများနှင့် ညှိနှိုင်းပြီး ငွေများပုံမှန်ထက်ပို၍တောင်းနေကြောင်း ၎င်းမှဆက်၍ပြောသည်။

“ကျော်နိုင်ဦးနဲ့ဝန်ထမ်းတွေဟာ လဝကရုံးထဲမှာလည်းမှတ်ပုံတင်တွေကို စျေးတွေအများကြီးတောင်းလို့ လုပ်ပေးနေတယ်၊ မူဆလင်ရွာတွေကို ကိုယ်တိုင်သွားတယ်၊ မှတ်ပုံတင်လုပ်မယ့် မိသားစုတွေနဲ့ ညှိနှိုင်းတယ်၊ ငွေကိုပုံမှန်ထက်ပိုလို့တောင်းပြီး လုပ်ပေးနေတယ်” ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ကုန်ပိုင်းက မူဆလင်ဇနီးမောင်နှံ ၂ ဦးမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားအစိမ်းကို ပြည်နယ် လဝကရုံးတွင် လုပ်ခဲ့ရာ သိန်း ၈၀ ကျော်နီးပါးကုန်ခဲ့ကြောင်း အမည်မဖော်လိုသူ ၁ ဦးက ABN သို့ပြောသည်။

“ကျနော်တို့လုပ်တဲ့အခါတော့ အများကြီးပေးရတယ်၊ အတိအကျတော့ပြောပြလို့မရဘူး၊ ပွဲစားတွေနဲ့ ရန်ဖြစ်မှာ မို့လို့ပါ ၊ မှတ်ပုံတင်တော့လုပ်လိုက်ပါ တယ်” ဟု ဆိုသည်။

မှတ်ပုံတင်အဖြူရောင်ကတ်ကို ကိုင်ဆောင်သူသည် ရခိုင်ပြည်အတွင်း သွားလာခွင့်ရရှိပြီး မှတ်ပုံတင်အစိမ်းရောင်ကတ်ကိုင်ဆောင်သူမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်၍ ရနိုင်ပြီး နိုင်ငံခြားအထိပါ သွားလာခွင့်ရရှိကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် ငွေပေးချေရာ၌ ကြိုတင်ငွေ ၁၅သိန်းပေးချေရပြီး နောက်ထပ် ငွေသိန်း ၂၀ ကို မှတ်ပုံတင်ရခါနီးတွင် ပေးချေရကြောင်းသိရသည်။

မှတ်ပုံတင်ပြုလုပ်ရာတွင် မည်သူမဆို အိမ်ထောင်စုစာရင်းပါရှိရန်လိုအပ်သော်လည်း ၎င်းတို့အား ငွေကျပ်သိန်း ၃၀ ပေးလျှင် အိမ်ထောင်စုစာရင်းပင်မလိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

၎င်းအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသူကို လဝက ဝန်ထမ်းများက စစ်တွေလေဆိပ်သို့ ကိုယ်တိုင်ပို့ပေးမှုများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

လဝကရုံးစာရေး ဦးကျော်နိုင်ဦးနှင့်အဖွဲ့များသည် ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ မှတ်ပုံတင်လုပ်ရန် နှစ်ဦးသဘောတူ စာချုပ်များ ချုပ်ဆိုပြီး စာချုပ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားဟုမသုံးဘဲ လုပ်ငန်းသုံးရန်ဟု စာချုပ်တွင် ရေးသားချုပ်ဆိုသည်ကိုတွေ့ရသည်။

မှတ်ပုံတင်ပြုလုပ်ရာတွင် တစ်ခြား အမျိုးသား ၊အမျိုးသမီးများတွင်လည်း သိန်း ၄၀ ဝန်းကျင်မှ ၁၀၀ ကျော်အထိ ကုန်ခဲ့ကြောင်းသိရသည်။

တစ်ချို့သူများဆိုလျှင် ငွေ သိန်း ၄၀ ကျော်ပေးထားသော်လည်း ယခုထိတိုင်မရသေးဘဲလည်း ရှိနေကြသည်။

စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ၊ ပြည်နယ်လဝကရုံးမှ စာရေး ကျော်နိုင်ဦး နှင့် မြို့နယ်လဝကရုံးမှ စာရေး ရွှေသိန်းတို့သည် မူဆလင်များထံမှ ငွေအမြောက်အများ တောင်းယူပြီး နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးလျက်ရှိကြောင်း စစ်တွေမြို့နယ်ရှိ မူဆလင်အသိုင်းအဝန်းထံမှ သိရသည်။

ရခိုင်တွင် မူဆလင်များမှအပ တခြားသောသူများ ပုံမှန် နိုင်ငံသားစိစစ်ရေးကတ် လုပ်လျှင် ၁၀၀၀၀ မှ ၁၅၀၀၀ ဝန်းကျင်သာ ကုန်ကျသည်ကို တွေ့ရသည်။

ရခိုင်ရှိ မူဆလင်များအား နိုင်ငံသားဖြစ်မှု၊ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမှုများမှာ ဖြေရှင်း၍ မပြေလည်သေးသည့် ကိစ္စဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ