Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်မှာ ARSA အဖွဲ့က အစုလိုက်အပြုံလိုက်သတ်ခဲ့သည့် သက်သေခံသစ်များ ပေါ်ထွက်လာဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့အစီရင်ခံစာဆို

Arakan Bay News-သြဂုတ် ၃၁ ရက်

Amnesty International သည် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဟိန္ဒူမျိုးနွယ်စု များအပေါ် Arakan Rohingya Salvation Army (ARSA) မှ ကျူးလွန်ခဲ့သည့် ဆိုးရွားလှသော ရက်စက်အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။

၎င်းစစ်ဆေးမှုထဲတွင် ညှင်းပန်းနှိပ်စက်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် ခိုင်လုံသောအထောက်အထားများကို ဖော်ထုတ်ပြသ မှတ်တမ်းတင်ခဲ့သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ အတွင်း ARSA အကြမ်းဖက်အဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဟိန္ဒူကျေးရွာတွေကို ဝင်ရောက်ပြီး ဟိန္ဒူအမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များကို စုပြုံကာ သွေးအေးအေးဖြင့် လူသားမဆန်စွာ သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

မောင်တောမြို့၊ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၅၃ ဦးကို ကွပ်မျက်သည့်ပုံစံဖြင့် သတ်ဖြတ်ခဲ့ပြီး၊ အစ္စလာမ်ဘာသာသို့ အတင်းအကြပ် ကူးပြောင်းခိုင်းခဲ့သည့် အမျိုးသမီး ရှစ်ဦးနှင့် ကလေး ရှစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

၎င်းနေ့တစ်ရက်တည်းတွင်ပင် မောင်တော်မြို့၊ ရဲပေါက်ကျားကျေးရွာမှ ဖမ်းဆီးခေါ်ဆောင် သွားသည့် ဟိန္ဒူလူမျိုး နောက်ထပ် ၄၆ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။

အသက်ရှင်ကျန်ရစ်သူများက ၎င်းတို့၏ မိသားစုဝင်များအား သတ်ဖြတ်ခံရခြင်းကို မကြုံတွေ့ရမီ ကြိုးတုပ်ခြင်း၊ မျက်လုံးကို အဝတ်စဖြင့် ပိတ်ဖုံးပြီး ရိုက်နှက်ခြင်းစသည့် ကြောက်မက်ဖွယ်ကောင်းသော ကျူးလွန်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရကြောင်း ပြောဆိုကြသည်။

၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကိုလည်း ထိုကဲ့သို့ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များ မကျူးလွန်မီ ARSA အကြမ်းဖက်သမားများက လုယက်ယူဆောင်ခဲ့သည်။

မောင်တောမြို့အနီး အခြားသော ဖြစ်စဉ်တစ်ရပ်တွင်လည်း ARSA အကြမ်းဖက်အဖွဲ့မှ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ဟိန္ဒူဘာသာဝင် ခြောက်ဦးကို သတ်ဖြတ်ထားခဲ့ကြပြီး နောက်ထပ်အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာရ ကျန်ရှိခဲ့ကြောင်း သိရသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ပိုမိုကြီးမားသော ပဋိပက္ခများအတွင်း ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်းကျူးလွန်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ ရက်တွင် ARSA အဖွဲ့မှ မြန်မာနယ်ခြားစောင့်တပ်စခန်း (၃၀) ခန့်လောက်ကို တိုက်ခိုက်ပြီးနောက် ၎င်း ညှင်းပန်းနှိပ်စက်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်များကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆက်တွဲအနေဖြင့် မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ပြင်းထန်သော စစ်ရေးတုံ့ပြန်မှုပြုလုပ်ခဲ့သည်။

ဥပဒေမဲ့ အကြမ်းဖက်လှုပ်ရှားမှုများဖြစ်သည့် သတ်ဖြတ်မှု၊ မုဒိမ်းမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် များစွာသောလူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် မူဆလင် (၆၉၀၀၀၀) ကျော်အား ဘင်္ဂလားဒေ့ချ်နိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်စေမှုများကို ဖြစ်စေသည့် လုပ်ရပ်များကို ကျူးလွန်စေခဲ့သည်။

၎င်းဖြစ်ရပ်များအတွက် အမှန်တရားကို ဖော်ထုတ်ရန်နှင့် ကျူးလွန်သူများအား တရားခွင့်သို့ ခေါ်ဆောင်လာနိုင်ရန် ဘက်မလိုက်ဘဲ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားကြသည်။

Harakah al-Yaqin ဟုလည်းသိကြသော ARSA သည် ၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ လူမျိုးရေးအကြမ်းဖက်မှုများအပြီး ၂၀၁၆ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သော အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

လက်နက်ကိုင် တိုက်ခိုက်ရေးသမားရာနှင့်ချီပါဝင်သည်ဟု ထင်ရသည့် ARSA အဖွဲ့သည် ၂၀၁၇ ခုနှစ် သြဂုတ်လတိုက်ခိုက်မှုများတွင် လူမျိုးရေး၊ ဘာသာရေးမျိုးစုံပါဝင်သော လူ့အဖွဲ့အစည်းများ အကြမ်းဖက်ခံရမှုများနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများဖြစ်စေသည့် ဖြစ်ရပ်များကို ကျူးလွန်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကျူးလွန်ခဲ့သည်။

၎င်းတို့သည် ဓားလက်နက်များ၊ တုတ်များကိုင်ဆောင်ထားသည့် ထောင်ပေါင်းများစွာသော မူဆလင်ရွာသားများကို စည်းရုံးခဲ့ကြပြီး အဓိကရုန်းဖြစ်စဉ်များတွင် ပါဝင်စေခဲ့သည်။

၎င်းတို့ရင်ဆိုင်ရသည့်ဖိအားနှင့် ခြိမ်းခြောက်မှုများကြောင့် အသက်ရှင်ကျန်ရစ်သူများ၏ ထွက်ဆိုချက်များတွင် ကွဲလွဲမှုများရှိနေသည်။ ကျူးလွန်တိုက်ခိုက်သူများ၏ သက်သေခံဖော်ပြချက်များ၊ မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားများနှင့် အသက်ရှင်ကျန်ရစ်သူ သက်သေခံချက်များ အားလုံးမှ ARSA ၏ ပါဝင်ပတ်သက်မှုရှိကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားကြသည်။

အမှန်တရားကို ဖော်ထုတ်ရန် နှင့် ကျူးလွန်သူများအား တရားမျှတမှုရရှိရန် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းရန် အရေးကြီးသော်လည်း ထိုကြိုးပမ်းမှုများသည် မျက်မြင်သက်သေများနှင့်တွေ့ဆုံခြင်း၊ ဒေသတွင်း ဝင်ရောက်ခွင့် ကန့်သတ်ချက်များနှင့် ခြိမ်းခြောက်မှုများကြောင့် အဟန့်အတား ဖြစ်စေခဲ့သည်။

တဖက်က ချိုးဖောက်မှုများသည် အခြားသူတစ်ဦး၏ ချိုးဖောက်မှုများကို မျှတအောင် ဘယ်တော့မှ မရနိုင်ကြောင်း Amnesty International က အလေးပေး ပြောကြားပြီး လွတ်လပ်သော လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများကို ဝင်ရောက်ခွင့်ပြုခြင်းဖြင့် အဆိုပါ ချိုးဖောက်မှုများကို အပြည့်အဝ ဖော်ထုတ်နိုင်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းအား ပံ့ပိုးပေးရန် တောင်းဆိုထားသည်။

အထက်ဖော်ပြပါ အကြမ်းဖက်မှုများသည် နက်ရှိုင်းသော အကျိုးဆက်များကို ဖြစ်ပေါ်စေပြီး ရပ်ရွာများကို စွန့်ခွာကာ အသက်ရှင်ကျန်ရစ်သူများနှင့် ဒေသအတွင်းနေထိုင်နေသူများအကြား ကြီးမားသောမလုံခြုံမှုကို ဖြစ်ပေါ်စေသည်။

(အထက်ပါအကြောင်းအရာများသည် 2018 May 22 ရက်နေ့ထုတ် Amnesty International report “ Myanmar: New evidence reveals Rohingya armed group massacred scores in Rakhine State “ အား အကျဉ်းချူပ် ဘာသာပြန်ဆိုခြင်းဖြစ်သည်။)

ယခုလက်ရှိအချိန်တွင်လည်း ARSA အကြမ်းဖက်အဖွဲ့သည် ရခိုင်-ဘင်္ဂလားနယ်စပ် တလျောက်တွင် အခြေစိုက်လှုပ်ရှားမှုများ ရှိနေပြီး ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်မှုများ၊ ပြန်ပေးဆွဲမှုများ၊ သတ်ဖြတ်မှုများ၊ အတင်းအကျပ် ခြိမ်းခြောက်အကျပ်ကိုင်မှုများကို ပြုလုပ်နေဆဲ ဖြစ်ပါသည်။

ထို့အပြင် မောင်တောမြို့ရှိ ကျေးရွာများတွင်လည်း ပြန်ပေးဆွဲခြင်း၊ ညှင်းပမ်းသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီဖက်မှလည်း ARSA အကြမ်းဖက်အဖွဲ့နှင့် တစ်စုံတစ်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟု ဒေသခံများမှ သံသယရှိနေကြပါသည်။

SAC နှင့် ULA/AA တို့ ယာယီအပစ်အခတ် ရပ်စဲထားသောကာလ နှင့် မိုခါမုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးကာလတွင် ARSA ပါလာသော သုံးဖွင့်ဆိုင် ပဋိပက္ခများ၊ စစ်ပွဲများ ထပ်မံဖြစ်ပွားလာပါက စစ်ပွဲဒဏ် နှင့် ဆင်းရဲဒုက္ခများ ပိုမို ကျရောက်လာမည်ကို ဒေသခံပြည်သူလူထုများ စိုးရိမ်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ