Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်သူများ၏ လိုအပ်ချက်အရ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ပြော

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား အပစ်အခတ်ရပ်စဲခြင်းမှာ ရခိုင်ပြည်သူတို့ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် လိုအပ်ချက်အရ အပစ်အခတ်ရပ်စဲခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုက ပြောသည်။

ရခိုင်တွင် ယခုအချိန်ကာလသည် စပါးရိတ်သိမ်းသည့်ရာသီ ဖြစ်သည့်အတွက် ရခိုင်တောင်သူ လယ်သမားများမှ စပါးရိုက်သိမ်းနိုင်ရန် အဓိက ရည်ရွယ်ပြီး အလွတ်သဘော အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီထားခြင်းဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

“ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီးတော့မှ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အလွတ်သဘော သဘောတူထားတာဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။

စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်သဘောတူညီကြခြင်းဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး၏ သဘောတူညီချက်တွင် အချိန်အတိုင်းအတာ ရက်အကန့်အသတ်မရှိကြောင်းလည်း ပြောသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲခြင်းကြောင့် ရက္ခိုင့်တပ်တော်၏ နိုင်ငံရေး စစ်ရေး ရပ်တည်ချက်များမှာ အပြောင်းအလဲ တစ်စုံတရာ မရှိကြောင်းလည်း ဆိုသည်။

“လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ကျနော်တို့ အလွတ်သဘော သဘောတူထားတာဖြစ်ပါတယ်။ ကျန်တာကတော့ ဘာမှအပြောင်းအလဲမရှိပါဘူး။ နဂိုနိုင်ငံရေး ရပ်တည်ချက်အတိုင်းပဲ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

ယခုအပစ်အခတ်ရပ်စဲရေးကိစ္စကို လွန်ခဲ့သည့် ၃ ရက်လောက်က စတင်ပြီး ကြားခံအဖွဲ့အစည်းမှ တဆင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပလက်ဝနှင့် ရခိုင်ပြည်မှ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင် သောင်းချီရှိခဲ့ပြီးနောက် အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုမှာလည်း ရာဂဏန်းထိ ရှိခဲ့သည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားသည့်ကာလအတွင်းတွင်လည်း စစ်ကောာင်စီသည် ရခိုင်ပြည်တွင်း မြို့နယ် ၈ မြို့နယ်ကို လူသားချင်း စာနာမှုဆိုင်ရာအကူအညီပေးရေးကို ကန့်သတ် ပိတ်ပင်ထားပြီး၊ ကုန်းလမ်း၊ ရေလမ်းများကိုပါ ပိတ်ပင်ထားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ