Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်သို့ ဆေးဝါး၊ မြေဆီနှင့် အိမ်ဆောက်ပစ္စည်းများ တင်သွင်းခွင့်ကို စစ်ကောင်စီ ပိတ်ထားဆဲ

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့နိုင်ရေးအတွက် ယာယီအပစ်အခတ်ရပ်တန့်ထားကြသော်လည်း စစ်ကောင်စီတပ်ဖက်မှ ရခိုင်ပြည် အတွင်းသို့ ဆေးဝါး၊ အိမ်ဆောက်ပစ္စည်းနှင့် မြေဆီများ တင်သွင်းခွင့်ကို ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ်အစောပိုင်းမှစကာ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ထားသည့် ယခုကာလတွင်လည်း ဆေးဝါး၊ မြေဆီနှင့် အိမ်ဆောက်ပစ္စည်းများကို ရက်အကန့်အသတ်မရှိပိတ်ထားဆဲ ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်၏ မြို့တော် ဖြစ်သည့် စစ်တွေမြို့တွင်ပင် ဆေးဝါးနှင့် အိမ်ဆောက်ပစ္စည်းများမှ ယခင်ထက် ဈေး ၂ ဆကျော် မြင့်တက်နေပြီး ဝယ်ယူသူများအားလည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။

ရခိုင်သို့ တင်သွင်းခွင့် ပိတ်ထားသည့် ပစ္စည်းများကို ယခင်က ငွေပေးပြီး နပ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၏ လက်မှတ်ကို ရယူပြီး တင်သွင်းခွင့် ရခဲ့သော်လည်း ယခုအခါ သူ့လက်မှတ်ကို ရယူရန်ပင် မလွယ်ကူတော့ကြောင်းပြောသည်။

” ဆေး၊ မြေဆီနှင့် အိမ်ဆောက်ပစ္စည်းတွေကို သယ်ယူခွင့် ပိတ်ထားတာ ၁ နှစ်နီးပါးရှိပါပြီ၊ သယ်ယူချင်ရင်တော့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လက်မှတ်လိုပါတယ်၊ သူ့လက်မှတ်ပါရင်တော့ သယ်ယူခွင့်ရပါတယ်။ ဒါပေမယ့် အခုက သူ့လက်မှတ်ရဖို့ကလည်း မလွယ်တော့ပါဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ABN ကိုပြောသည်။

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း ဆေးဝါးများပြတ်လပ်ကာ စစ်ဘေးရှောင်များမှာ အခက်ကြုံနေရကြောင်း ကျောက်တော်၊ ‌မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များမှ စစ်ဘေးရှောင်တာဝန်ခံများထံမှ သိရသည်။

“ကျနော်တို့ စစ်ဘေးရှောင်စခန်းတွေမှာ အကူဆေးဝါးတွေ လုံးဝ ပြတ်တောက်နေတာ အတော့်ကို ကြာနေပါပြီ။ စစ်ဘေးရှောင်တွေဆိုတာကလည်း အစိုးရကလည်း ကယ်ဆည်ရေးမပေး။ တနေ့လုပ် တနေ့စားတွေ အဲဒါတောင် ဟင်းမပါဘဲ စားနေကြရတာတွေ အများကြီးပါပဲ အပြင်မှာသွားကုဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်စခန်းတာဝန်ခံ တစ်ဦးက ပြောသည်။

ရခိုင်ဒေသခံပြည်သူများမှာလည်း ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်ခံထားရသည့်အတွက် ဆေးဝါးများ၊ စိုက်ပျိုးရေးနှင့် အိမ်ဆောင်ပစ္စည်းများမှာ ရှားပါးလာနေပြီး စျေးမှာလည်း ၂ ဆကျော်မျှတက်နေ၍ အခက်ခဲများစွာရင်ဆိုင်နေကြရသည်။

” ရောက်လာတဲ့ ပစ္စည်းတွေကလည်း စျေးအရမ်းကြီးတယ်၊ ဘိလပ်မြေတစ်အိတ်ကို အရင်က ၇၀၀ ထောင်လောက်ပဲ ရှိတာ အခု ၂၀၀၀၀ ကျော်ထိ ပေးဝယ်နေရတယ်။ ကျွန်တော်တို့လို သာမန် မိသားစုတွေဆိုရင် ဘယ်လိုမှ မတတ်နိုင်ဘူး၊ ဆေးရုံ၊ဆေးခန်း၊ ဆေးဆိုင်တွေမှာဆိုရင်လည်း ဆေးတွေက အရမ်းကို စျေးကြီးတယ်” ဟု ရွာသားတစ်ဦးမှ ပြောသည်။

ရခိုင်ပြည်တွင်းတွင်လည်း မင်းပြား- မြေပုံ- ပေါက်တော၊ စစ်တွေ-ကျောက်တော် စသည့်ဂိတ်များတွင် ဆီ၊ ဆန်၊ စပါး၊ ဘိလပ်မြေ၊ မြေဆီ စသည့်ပစ္စည်းများကိုလည်း ယူဆောင်ခွင့်မပြုကြောင်းသိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်တန့်ရေးကို နိပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါက ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး ရပ်တန့်ခဲ့ကြသော်လည်း စစ်ကောင်စီတပ်သည် ရိက္ခာ လက်နက်နှင့် စစ်သားအင်အားများဖြည်းတင်းလျက်ရှိသည်။

ရခိုင်ပြည်သို့ ဆေးဝါး၊ မြေဆီနှင့် အိမ်ဆောက်ပစ္စည်းများ တင်သွင်းခွင့်ကို စစ်ကောင်စီ ပိတ်ထားဆဲ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။