Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်နှင့် ချင်းပြည်နယ်တွင်းရှိ မုန်တိုင်းသင့်ပြည်သူများထံသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ သယ်ယူခွင့်မရသေးဟု UN-OCHAထုတ်ပြန်

ABN-ရှိုင်းမိုး

ဇွန် ၂၀ရက်

မေလ ၁၄ရက်နေ့က တိုက်ခိုက်သွားသည့် မိုခါမုန်တိုင်းကြောင့် လူတစ်သန်းကျော် အိုးမဲ၊ အိမ်မဲ ဖြစ်ပြီးကူညီကယ်ဆယ်ရေးများလိုအပ်နေသည်။

လက်ရှိအချိန်ထိ ရခိုင်ပြည်တွင်းနှင့် ချမ်းပြည်နယ်ထဲသို့ မိုခါမုန်တိုင်းသင့်ပြည်သူများကို ကယ်ဆယ်ရေးပစ္စည်းများသယ်ယူပို့ဆောင်ရေးနှင့်ဖြန့်ဝေရေးအစီစဥ်များကို ဆိုင်းငံ့ထားရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းပေါင်းစပ်ရေးရုံး ( UN-OCHA )မှ ယမန်နေ့ တနင်္လာနေ့ က ထုတ်ပြန်လိုက်သည်။

“ရခိုင်ပြည်နဲ့ ချင်းပြည်မှာ မိုခါမုန်တိုင်းတုန့်ပြန်ဆောင်ရွက်မှုအတွက် ကယ်ဆယ်ရေးပစ္စည်း သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဝေရေးအစီစဥ်တွေရဲ့ ခွင့်ပြုချက်က အခုထိ ဆိုင်းငံ့ခံထားရဆဲဖြစ်ပါတယ်” ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီမှ ဇွန်လ ၈ရက်နေ့ကစပြီး INGO၊ NGOနှင့် CSO အဖွဲ့အစည်းများအားလုံးကို ရခိုင်ပြည်အတွင်းသို့ ကူညီကယ်ဆယ်ရေးခရီးသွားလာခွင့်ကို ရက်အကန့်သတ်မရှိပိတ်ပင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ပိတ်ပင်မှု​ကြောင့် ဒေသခံများနှင့် CSOအဖွဲ့အစည်းများမှ ဝေဖန်ပြောဆိုမှုကြောင့် ဇွန်လ ၁၁ရက်နေ့က INGO၊ NGOနှင့် CSO အဖွဲ့များအားလုံးကို ယခင်အတိုင်းပြန်လည်သွားလာခွင့်ပြုပေးခဲ့သည်။

စစ်ကောင်စီမှ ကူညီကယ်ဆယ်ရေးအဖွဲ့များကို ပြန်လည်သွားလာခွင့်ပြုထားသော်လည်း မြေပြင်အခြေအနေတွင် လွတ်လပ်စွာ သွားလာခွင့်မရရှိဘဲ ဆက်လက်၍ ကန့်သတ်ခံထားကြရသည်။

“ခွင့်ပြုပေးထားတယ်လို့သူတို့ပြောတာပါ၊ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဘာမှခွင့်ပြုပေးထားတာမရှိပါဘူး၊ အခုထိလည်း ကန့်သတ်ခံထားရဆဲပါ၊ ကျွန်တော်တို့ကို အစကတည်းကခွင့်ပြုပေးထားတာမရှိသည့်အတွက်၊ အခုလည်း ခွင့်ပြုသည်ဖြစ်စေမပြုသည်ဖြစ်စေ၊ လုပ်စရာရှိတာလုပ်သွားမှာပါ” ဟု အမည်မဖော်လိုသူ ပရဟိသမားတစ်ဦးက​ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက ဒေသခံ ပြည်သူ ( နှစ်သိန်းရှစ်သောင်းကျော် )ထိ ထိခိုက်ပျက်စီးခဲ့ရပြီး၊ ထိုအထဲမှာ ၇၀ ရာခိုင်နှုန်းခန့်သည် အကူညီများလိုအပ်နေဆဲဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောက်ရွက်ရေးရုံးက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်တွင် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၅၂ ၀ ကျော်ရှိခဲ့ပြီး စစ်ကောင်စီမှ ကူညီကယ်ဆယ်ရေးအတွက်ကျပ် ၇ ဘီလီယံ ချထားပေးကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ထောက်ပံ့မှုပမာဏသည် ပျက်စီးမှုတန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် ၁ ဒသမ ၃၄ ရာခိုင်နှုန်းလောက်သာ ရှိကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ULA/AA ၏ HDCO မှ ထုတ်ပြန်သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဖျက်အားပြင်းဆိုက်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ကူညီကယ်ဆယ်ရေး ရောက်ရှိမှု၊ လိုအပ်ချက်များစာရင်းပေါင်းချုပ်