Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်နယ်နေ့ကျင်းပရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီတပ်မှ ဖိအားပေးစေခိုင်း

ရခိုင်ပြည်နယ်နေ့ ကျင်းပရန်အတွက် စစ်ကောင်စီတပ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ဆင့်ခေါ်ကာ အစည်းအဝေးလုပ်ခဲ့ပြီး ဖိအားပေးစေခိုင်းခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၃ ဦးအား ကျောက်ဖြူ ထွေအုပ်ရုံးသို့ ခေါ်ကာ အရေးပေါ်အစည်းအဝေးတစ်ရပ်လုပ်ခဲ့ပြီး ထိုအစည်းအဝေးတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ကို ကျင်းပရမည်ဖြစ်ကြောင်း ဖိအားပေးစေခိုင်းခဲ့သည်ဟုသိရသည်။

“ရပ်ကွက် အားလုံးက အုပ်ချုပ်ရေးမှူးတွေကို သူတို့ (စစ်ကောင်စီတပ်)က ခေါ်တယ်၊ အရေးပေါ်အစည်းအဝေးရှိလို့ဆိုပြီး ခေါ်တာပါ၊ ရောက်သွားတော့ အစည်းအဝေးမှာ ရခိုင်ပြည်နယ်နေ့ကို ကျင်းပရမယ်၊ မကျင်းပလို့ရှိရင် အကုန်လုံး အရေးယူခံရမယ်ဆိုပြီး ခြိမ်းခြောက်လိုက်တယ်”ဟု အမည်မဖော်လိုသည့် ရပ်ကွပ်အုပ်ချုပ်ရေးမှူးတစ်ဦးက ABN သိုပြောသည်။

ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့၊ ရမ်းဗြဲ၊ စနဲ၊ တောင်ကုတ် စသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်မှ ကျင်းပရန် စီစဥ်နေပြီး၊ တောင်ကုတ်တွင် ယနေ့ မနက်က စစ်ကောင်စီ မိသားစုဝင်များဖြင့် အားကစားများဖြင့် ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

စစ်ကောင်စီက နိုင်ငံရေးအရ အမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် ရခိုင်ပြည်နယ်နေ့ကို မလိုလားကြောင်း ရခိုင်အရေးတက်ကြွသူ စစ်တွေ ဒေသခံ တစ်ဦးက ABN ကိုပြောသည်။

“ရခိုင်ပြည်ကို ဖြတ်လေးဖြတ် စနစ်နဲ့ နှိပ်စက်ထားပြီးမှ ရခိုင်ပြည်နယ်နေ့ပါဆိုပြီး ပျော်ကြီးကျနေတဲ့ ပုံဖမ်း နိုင်ငံရေးအမြတ်ထုတ်မယ့် ဒီ ရခိုင်ပြည်နယ်နေ့ကို ဘယ်လိုမှ မလိုလားဘူး။ မထောက်ခံဘူး။ ရခိုင်ပြည်သူတွေကို သတ်ဖြတ် နှိပ်စက်ပြီးတော့မှ ရခိုင်ပြည်နေ့ကို သူတို့ ကျင်းပတယ်ဆိုကတည်းက ဒါဟာ မရိုးသားတာပဲ” ဟု ပြောသည်။

ဗမာပြည်လက်အောက်ခံ ရခိုင်တိုင်းမှ ရခိုင်ပြည်နယ်အဖြစ် ပြောင်းလဲခဲ့သော်လည်း စစ်မှန်သည့် ပြည်နယ်တစ်ခု၏ ရပိုင်ခွင့် လုပ်ပိုင်ခွင့်များ မရရှိခဲ့သည့်အတွက် ရခိုင်ပြည်နယ်နေ့မှာ ရခိုင်လူမျိုးများအတွက် နာမည်ခံရုံသက်သက်ဖြစ်ပြီး ရခိုင်လူမျိုးများအပေါ် စစ်အစိုးရ၏ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကျင်းပသည့် ရခိုင်ပြည်နယ်နေ့ကို လုံးဝ လက်မခံနိုင်ကြောင်း နောက်ထပ် မြောက်ဦးဒေသခံ တစ်ဦးက ပြောသည်။

“ရခိုင်ပြည်နယ်ရဖို့ အရင်က ရခိုင်တွေ အသက်တွေရင်းပြီး ကြိုးစားခဲ့ကြတယ်။ တကယ်တမ်းရလာတော့ ပြည်နယ်တစ်ခုရဲ့ အနှစ်သာရ ဘာမှမရှိဘူး။ အာဏာရှင်က အာဏာရှင်အတိုင်း ပြည်သူကို နှိပ်ကွပ်ဖို့ပဲ ပေးခဲ့တာဖြစ်တယ်။ အခုပြည်နယ်နေ့ကို စစ်ကောင်စီက ကြီးကြီးကျယ်ကျယ် ကျင်းပနေတယ်ဆိုတာကလည်း ရခိုင်ပြည်သူတွေကို လှောင်ပြောင်နေသလိုဖြစ်နေတယ်။ ဒီအတွက် ကျနော်တို့ကတော့ ရခိုင်တစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူး” ဟုပြောသည်။

ရခိုင်ပြည်နယ်နေ့ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီက ရေးဆွဲခဲ့သော ၁၉၇၄ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ့အခြေခံ ဥပဒေအရ ရခိုင်ပြည်ကို ၁၉၇၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-ရခိုင်ပြည်နယ် ‌စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်း FB

ရခိုင်ပြည်နယ်နေ့ကျင်းပရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စစ်ကောင်စီတပ်မှ ဖိအားပေးစေခိုင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ