Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်နှင့်ပလက်ဝတွင် တကျော့ပြန် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ ၂၃၀၀၀ ကျော်ရှိလာခဲ့ပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပြန်ပေးနိုင်ရန် မျှော်လင့်ကြောင်း UN-OCHA ထုတ်ပြန်

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်ဖြစ်ခဲ့သည့် စစ်ပွဲများကြောင့် ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၂၃၇၀၀ ခန့်မျှရှိခဲ့ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့က ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရခိုင်တွင် ၂၀၁၈-၂၀၂၀ တိုက်ပွဲများအတွင်း စစ်ဘေးရှောင် ၂ သိန်းကျော်ထိရှိခဲ့ရာမှ အများစုမှာ အိမ်ပြန်နိုင်ခဲ့ကြသော်လည်း စစ်တပ်က တပ်စွဲထားသည့် နေရာများနှင့် မိုင်းထောင်ထားခဲ့သည့် နေရာများမှ စစ်ဘေးရှောင် ၇၄၈၀၀ ကျော်မှာ အိမ်မပြန်နိုင်ဘဲ စစ်ဘေးရှောင်စခန်းများတွင် ရှိနေရဆဲဖြစ်သည်။

ယခုနှစ် များမကြာမီကဖြစ်ခဲ့သည့်တိုက်ပွဲကာလ ၄ လအတွင်း စစ်ဘေးရှောင်အသစ် ၂၃၇၀၀ ကျော်နှင့် ယခင်ရှိ ၇၄၈၀၀ ကျော်များအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပြန်လည်ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှစကာ UN အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း INGO များနှင့် NGO များအား ရခိုင်စစ်ဘေးရှောင်များအား ကယ်ဆယ်ရေး‌ထောက်ပံ့မှုများ မပြုလုပ်ရဟု ရခိုင်ပြည်စစ်ကောင်စီအစိုးရ ထုတ်ပြန် တားမြစ်ခဲ့သည်။

မြို့နယ် ၈ မြို့နယ်မှ စစ်ဘေးရှောင် စခန်းများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို စစ်ကောင်စီက ပိတ်ထားခဲ့သည့်အတွက် စစ်ဘေးရှောင်စခန်းများတွင် စာနပ်ရိက္ခာများ ပြတ်လပ်ခြင်း၊ ဆေးဝါးပြတ်လပ်ခြင်းနှင့် စစ်ဘေးရှောင်ကလေးများ ပညာရေးတို့ကို ထိခိုက်မှုများစွာ ရှိနေဆဲ ဖြစ်သည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့အကြား လူသားချင်း စာနာမှုဆိုင်ရာ အပစ်အခတ်ရပ်တန့််ထားကြသော်လည်း စစ်ဘေးရှောင်များကို ကူညီပေးသည့် အဖွဲ့များ မရောက်ရှိသေးကြောင်း ကျောက်တော်မြို့နယ်တွင် စစ်‌ဘေးရှောင် ထောင်ကျော်ရှိသည့် ညောင်ရှောင်စစ်ဘေးရှောင်စခန်းမှ တာဝန်ခံက ပြောသည်။

“ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်ထားတယ်လို့ ကြားတယ်။ အစိုးရဆီက မရတာ ၈ လ‌လောက်ရှိပြီ၊ အဖွဲ့အစည်းတွေဆီကလည်း မရတာ ၄ လကျော်ပြီ။ ကျနော်တို့ အကူအညီလိုအပ်နေပါတယ်” ဟု ပြောသည်။

ရခိုင်တွင် တိုက်ပွဲများကို ယာယီရပ်တန့်ထားသော်လည်း စစ်ဘေးရှောင်များအား ကူညီကယ်ဆယ်ရေး ပေးခွင့်ကို စစ်ကောင်စီက ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်သည် ရခိုင်ရှိ မင်းပြား၊ ကျောက်တော် တပ်ရင်းများတွင် စစ်သား၊ ရိက္ခာ အင်အားများကို နေ့စဥ် ဖြည့်တင်းလျက်ရှိနေသည်။

ရခိုင်နှင့်ပလက်ဝတွင် တကျော့ပြန် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ ၂၃၀၀၀ ကျော်ရှိလာခဲ့ပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပြန်ပေးနိုင်ရန် မျှော်လင့်ကြောင်း UN-OCHA ထုတ်ပြန်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ