Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ၁၄ ရက်အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်သား ၃၃ ဦးကျော် သေဆုံးခဲ့ရပြီး ၆၀ ဦး ကျော်ဒဏ်ရာရ၊ စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း ကျွမ်းကျင်ပညာရှင်များပြော

 

မြန်မာ့တပ်မတော် (ခ) စစ်ကောင်စီ ကြည်း၊ ရေ၊ လေ တပ် တို့ဖြင့် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်တွင် ယခုလ နိုဝင်ဘာ ၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၁၄ ရက်အတွင်း အရပ်သားပြည်သူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၆၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု ABN ၏ စုဆောင်းထားသော အချက်အလက်များအရသိရသည်။

ထင်ရှားသည့် ဖြစ်စဥ်များမှာ နိုဝင်ဘာလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးရွာတွင် အရပ်သား အသက် ၈၇ နှစ်အရွယ်အဘွားအိုတစ်ဦးအပါအဝင် ၁၁ ဦးကို စစ်ကောင်စီတပ်က ရွာထဲဝင်ရောက်ပြီး ပစ်သတ်ခဲ့သည်။

နောက်ဖြစ်စဥ်တစ်ခုမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ဖြစ်ပျက်ခဲ့သည့် မောင်တောမြို့နယ် ဂြစ်ချောင်း မြိုရွာတွင် မြိုရိုးရာ နားထိုးပွဲ (ကင်းပွန်းတပ်မင်္ဂလာပွဲ) အား မောင်တောမြို့နယ် ကြိမ်ချောင်း ၂၄ ဗျူဟာမှ ပစ်လိုက်သောကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်များအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော်ထိ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ထို့အပြင် နိုဝင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီ ရေတပ်နေဗီမှ ပစ်ခတ်လိုက်သည့် ကျည်ထိမှန်၍ ကျောက်တော်မြို့နယ် ရွှေပြည်သစ်ရွာမှ အသက် ၇ နှစ်အရွယ်ရှိ ကလေးငယ် မောင်အောင်နိုင်နှင့် မိဘ ၃ ဦးလုံးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ထိုရွာမှ ရွာသား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူး (မူဆလင်ရွာ) မှ ကျောင်းဆရာ အဘူနော်ဆဲရ် အသက် ၃၅ နှစ်မှာလည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သည့် ကျည်ထိမှန်၍ ဝမ်းဗိုက်ပွင့်ထွက်ကာ နေရာတွင်ပင် သေဆုံးခဲ့ရပြီး ထိုရွာမှ မူဆလင် ကလေးငယ် ၂ ဦးမှာလည်း ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။

‌မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် လူနေရပ်ရွာများဖက်သို့ ပစ်မှတ်ထားကာ ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ပြည်သားများ သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုများ များစွာ ရှိခဲ့သည်။

ထိုသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက် ရှိရှိဖြင့် အရပ်သားပြည်သူများနေထိုင်သည့် ရပ်ရွာများကို ပစ်မှတ်ထား ပစ်ခတ်ခြင်းမှာ ဂျင်နီဗာကွန်ဗင်းရှင်းတွင် ပြဌာန်းထားသော စစ်ဥပဒေများကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇတ်မှုကျူးလွန်ရာ မြောက်ကြောင်း လူ့အခွင့်အရေးရှေ့နေတစ်ဦးမှ သုံးသပ်ပြောဆိုသည်။

“ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေဟာ စစ်ရှုံးပြီး တပ်ပျက်နေတဲ့ အနေအထားဖြစ်တယ်လို့ သုံးသပ်ပါတယ်။ နိုင်ငံပိုင်တပ်တစ်ခုက စစ်ရှုံးပြီဆိုရင် စစ်ရာဇတ်ဝတ်မှု ကျူးလွန်တတ်တဲ့ အလေ့က ဒုတိယ ကမ္ဘာစစ်လောက်မှာကတည်းကရှိခဲ့တယ်။ အခုလည်း မြန်မာတပ်မတော်က ရခိုင်အပါအဝင် နိုင်ငံတဝှမ်းလုံးမှာ စစ်ရှုံးနေတယ်။ ဒါ့ကြောင့် အငြိုးနဲ့ ဥပဒေမဲ့ လုပ်ချင်ရာ လုပ်တော့တာပဲ။ ဒီလို လုပ်ရပ်တွေကို ဂျင်နီဗာ ကွန်ဗင်းရှင်းက စစ်ဥပဒေထုတ်ပြီး ကန့်သတ်ထားတာရှိတယ်။ ဒါကို ချိုးဖောက်ရင်တော့ စစ်ဇရာဝတ်မှုမြောက်တယ်” ဟု သုံးသပ်ပြောဆိုသည်။

သို့သော်လည်း မြန်မာတပ်မတော် (ခ) စစ်ကောင်စီသည် ဂျင်နီဗာကွန်ဗင်းရှင်းနဲ့ ICC တို့တွင် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားခြင်းမရှိပေ။

မြန်မာတပ်မတော် (စစ်‌ကောင်စီ) သည် ရခိုင်ပြည်တွင် နေ့တိုင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ညအချိန်များတွင် ဒရုန်းများဖြင့် ကင်းထောက်သွားလာနေခြင်းနှင့် ရဟတ်ယာဥ်များဖြင့် ပစ်ခတ်နေခြင်းများကို ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ