Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် အရာရှိလောင်းလေ့ကျင့်ရေး သင်တန်းကျောင်းဖွင့်လှစ်ပြီး ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်နိုင်ခဲ့ကြောင်း AA ကြေငြာ

ရခိုင်တွင် အရာရှိလောင်းလေ့ကျင့်ရေး သင်တန်းကျောင်းဖွင့်လှစ်ပြီး ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်နိုင်ခဲ့ကြောင်း AA ကြေငြာ

ABN-မေအိအိအောင်

ဇူလိုင် ၃ ရက်

ရက္ခိုင့်တပ်တော် အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်းကို ရခိုင်ပြည်တွင် ဖွင့်လှစ်ထားပြီး ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် ULA/AA က ဇူလိုင်လ ၃ ရက်နေ့တွင် ကြေငြာပြောဆိုလိုက်သည်။

ရက္ခိုင့်တပ်တော် အရာရှိလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၃) ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရင်နေ့တွင် သင်တန်းသား/သူ ၃၂၆ ယောက်ဖြင့် ရက္ခိုင့်တပ်တော်က စတင်ဖွင့်လှစ်ခဲ့ပြီးယခုနှစ် ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ်ပြု အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း ကြေငြာချက်တွင်ပါရှိသည်။

ရက္ခိုင့်တပ်တော်၏ ၉ နှစ်မြောက် တပ်တော်မွေးနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် သင်တန်းသူ ၊သင်တန်းသား ၁၃၈ ဦးဖြင့် အရာရှိလေ့ကျင့်ရေး သင်တန်း အမှတ်စဉ် (၁)ကို ရက္ခိုင့်တပ်တော်တည်ထောင်ရာ ကချင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ရက္ခိုင့်တပ်တော်အနေဖြင့်လည်း အနာဂတ် ရက္ခိုင့်တပ်တော်ကို ဦးဆောင်နိုင်မည့် စစ်သည်တော်ကောင်းများထွက်ပေါ်လာရေး၊ လက်ရုံးရည်၊နှလုံးရည်ပြည့်ဝသော စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်ကောင်းများ ထွက်ပေါ်လာရေး စသည့်ရည်မှန်းချက်များကို တပ်တော်တည်ထောင်ပြီးကတည်းက အစဉ်တစိုက်လုပ်ဆောင်လာခဲ့ကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။

သို့သော် စစ်ရေး၊ နိုင်ငံရေး၊ကပ်ရောဂါ အခြေအနေများကြောင့် မိမိတို့မျှော်မှန်းထားသကဲ့သို့ ပြည့်မီစွာမရောက်ရှိနိုင်ခဲ့သော်လည်း တပ်တော်အတွင်း အရာရှိလောင်းများ ထွက်ပေါ်လာရေးကို အခွင့်ရလျှင်ရသလို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဆိုထားသည်။

ရက္ခိုင့်တပ်တော်၏ အရာရှိလောင်း လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်စဉ်(၁)နှင့် (၂) ကို မဟာမိတ်နယ်မြေဖြစ်သည့် ရက္ခိုင့်တက်တော်တည်ထောင်ရာ ကချင်ပြည်တွင် ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်တွင် ပထမဆုံး အနေဖြင့် အရာရှိလေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်စဉ်(၃)ကို ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

နောက်ထပ်၍လည်း အရာရှိလောင်း လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်စဉ်(၄) ကို လာမည့် ၂၀၂၄ ခုနှစ် ၊နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း AA ကကြေငြာချက်ထုတ်ပြန်ထားသည်။

အမှတ်စဉ်(၄) ဖွင့်လှစ်မည့်အချိန်ကိုလည်း အာရက္ခပြည်သူ၊ပြည်သားများအား အသိပေးသွားမည်ဖြစ်ကြောင်း AA ကပြောသည်။

၎င်းအပြင် တိုင်းပြည်တာဝန် ထမ်းဆောင်လိုသော ရက္ခိုင့်တပ်တော်တွင် တာဝန်ယူလိုကြသော လူငယ်၊လူရွယ် များအနေဖြင့်လည်း နီးစပ်ရာ စစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး တိုင်းပြည်တည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေးလုပ်ငန်းများတွင် ပါဝင်နိုင်ကြောင်း AA ကဖိတ်ခေါ်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ