Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီမှ စစ်အင်အားတိုးချဲ့မှုနှင့် ရိက္ခာဖြည့်တင်းမှု ပိုလုပ်လာ

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲပြီးနောက် ရခိုင်ပြည်၏မြို့တိုင်းနီပါးတွင် စစ်ကောင်စီဖက်မှ စစ်သားအင်အားနှင့် ရိက္ခာအင်အား ဖြည့်တင်းမှုများ တိုးချဲ့လုပ်နေသည်ကို သိမြင်ရသည်။

ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက် ၈ နာရီကျော် အချိန်မှစ၍ ၁၁ နာရီထိ ၃ နာရီ နီပါးကြာ မင်းပြားမြို့ တိုင်းဗဟို (၉) မှ လက်နက်ကြီး၊ လက်နက်ငယ်များ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်းကြားသိရသည်။

ထိုလက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ဖောက်ခြင်းမှာ မင်းပြား တိုင်းဗဟို (၉) တွင် သင်တန်းဆင်းပွဲ လုပ်၍ ပစ်ဖောက်ခဲ့ခြင်းဖြစ်ကြောင်း အတည်မပြုရသေးသည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အတူ မင်းပြား ၃၇၉၊ ၃၈၀နှင့် ၅၄၁ တပ်ရင်းတို့မှ စစ်ကောင်စီ ကားအစီးရေ ၁၀ ကျော်တို့ဖြင့် မြောက်ဦး ၅၄၀၊ ၃၇၇နှင့် ၅၈၀ တပ်ရင်းတို့ကို လက်နက်၊ ရိက္ခာနှင့် စစ်အင်အားများ ပို့ပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁ ရက် မနက် ၉ နာရီလောက်အချိန်ခန့်က ပုဏ္ဏားကျွန်းမြို့၌ အထိုင်ချ တပ်စွဲထားသည့် စစ်ကောင်စီ ၅၅၀ တပ်ရင်းမှ RPG နှင့်တခြား လက်နက်ကြီး လက်နက်ငယ်များသယ်ဆောင်ပြီး စစ်ကား ၃ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ခန့်နှင့် ရဲ ၁၆ ယောက်ခန့်တို့ သင်္ဘောဆိပ်ဖက်သို့ဦးတည် ဆင်းသွားခဲ့ကြကြောင်းသိရသည်။

အလားတူ ဒီဇင်ဘာ ၁ ရက်နေ့က မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်၊ ကုန်သည်တန်းစျေး၊ ကျောက်ရစ်ကေရပ်ကွက်၊ ညောင်ပင်စျေး စသည့်နေရာများတွင်လည်း စစ်ကောင်စီတပ်အင်အား ၄၀ခန့် သွားလာလှုပ်ရှားမှုများရှိနေခဲ့ကြောင်းသိရသည်။

၎င်းအပြင် စစ်တွေမြို့တွင်လည်း စစ်ကောင်စီမှ ဝါးဆိပ်တံတားအနီးတွင် စစ်ကား ၁ စီးရပ်နားပြီး၊ စစ်ကောင်စီ ၁၅ ယောက်ခန့်တို့သည် လမ်းသွားလမ်းလာ‌‌ ဒေသခံများအား စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့က ကျောက်တော်မြို့တွင်လည်း စစ်ကောင်စီမှ နေဗီနှင့် ရဟတ်ယာဥ်များဖြင့် စစ်အင်အား၊ ရိက္ခာအင်အားများကို ဖြည့်တင်းခဲ့သည်။

ကျောက်တော်မြို့တွင်ရှိသော တပ်ရင်း ၃၇၄၊ ၃၇၅၊ ၃၇၉ နှင့် စကခ (၉) တပ်မ တို့တွင် အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီအင်အား ၁၀၀၀ နီးပါး တိုးချဲ့ထားကြောင်းသိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့က မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့် မောင်တောမြို့တိုတွင် စစ်ကောင်စီတပ်မှ မြို့ပေါ်ရက်ကွက်များတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြို့ထဲ၌ တပ်စွဲလျက်ရှိသည့် တပ်ရင်းများကိုလည်း စစ်အင်အားများ စားနပ်ရိက္ခာများ တိုးချဲ့ လျက်ရှိနေကြောင်းသိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်တွေရွှေမင်းဂံဆိပ်မှ နေဗီ ၄ စီး၊ ၃ ရက်နေ့တွင် နေဗီ ၃ စီးနှင့် ၇ ရက်နေ့တွင် နေဗီ ၄ စီး တိုဖြင့် စစ်အင်အား၊ ရိက္ခာအင်အားနှင့် လက်နက်အင်အားများ မင်းပြားမြို့၌ရှိသည့် ၃၇၉၊ ၃၈၀နှင့် ၅၄၁ တပ်ရင်းတို့ကို အင်အားဖြည့် တိုးချဲ့ထားကြောင်းစုံစမ်း သိရှိရသည်။

အပစ်ရပ်စဲပြီးနောက် မင်းပြားမြို့တွင် စစ်ကောင်စီဖက်မှ စစ်အင်အား ၈၀၀ ကျော်နီးပါးထပ်တိုး ရောက်ရှိလာပြီး ထိုစစ်ကောင်စီ စစ်သားများမှာ မင်းပြား ကြပ်စင်တံတားအောက်တွင် အခြေချနေထိုင်ကြကြောင်းသိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း တောင်ကုတ်၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်စသည့်မြို့နယ်တို့တွင် စစ်ကောင်စီဖက်မှ နေဗီ၊ စစ်ကားနှင့် စစ်လေယာဥ်တို့ဖြင့် ရိက္ခာဖြည့်တင်းမှုများ ရှိခဲ့ကြောင်းသိရသည်။

ရခိုင်တွင် စစ်ကောင်စီမှဖြည့်တင်းနေသော ရိက္ခာများမှာ လက်နက်ခဲယမ်းများ၊ ဆန်၊ စစ်အင်အား၊ ငါးခြောက်နှင့် ငါးစည် တို့ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က မောင်တောတွင် AAနှင့်ဆက်စပ်သူများဟု နာမည်တပ်ပြီး ရပ်ကွက် ၆ ခုမှ အရပ်သား ၁၀၀ ကျော်အား ဖမ်းဆီးရန် ခရိုင်ဒုရဲမှူး ညွှန်ကြားထားခဲ့ပြီး၊ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ကျောက်ဖြူမြို့တွင် လည်း ဌာနပေါင်းစုံက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ အရပ်သား ၂၀၀ ကျော်အား ဖမ်းဆီးရန် စစ်ကောင်စီမှ ကျောက်ဖြူမြို့ ရမ္မာဝတီ ခန်းမတွင်ပြုလုပ်သည့်အစည်းဝေးတွင် ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာမှ စစ်ကောင်စီတပ်က နွားအကောင်ရေ ၂၅ ကောင်အား သိမ်းယူသွားပြီး နွားပိုင်ရှင်များကိုလည်း ဖမ်းဆီးရန် လိုက်ရှာနေသည်ကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြားနိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်တန့်ထားကြသော်လည်း စစ်ကောင်စီတပ်ဖက်မှ စစ်ရေးလှုပ်ရှားမှုများ၊ ရိက္ခာဖြည့်တင်းမှုများ၊ တပ်ဖြန့်ချထားမှုများနှင့် ပြည်သူများအား စစ်ဆေးမှုများ နေစဥ်ပုံမှန်ပြုလုပ်နေဆဲဖြစ်သည်။

ရခိုင်တွင် အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီမှ စစ်အင်အားတိုးချဲ့မှုနှင့် ရိက္ခာဖြည့်တင်းမှု ပိုလုပ်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ