Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် အပစ်ရပ်ကြောင်းပြောပြီးနောက် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ပို၍ လုပ်လာ

ရခိုင်ပြည် မြောက်ဦး၊ မောင်တော၊ မင်းပြား၊ ကျောက်တော် စသည့်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ရလှုပ်ရှားမှုပိုမိုများပြားလာသည်ကိုတွေ့ရသည်။

ဒီဇင်ဘာလ ၂ ရက် မနက် ၉ နာရီခန့်အချိန်တွင် မြာက်ဦးမြို့ထဲ၌ အခြေချတပ်စွဲထားသော ၅၄၀ တပ်ရင်းနှင့် ၃၇၇ တပ်ရင်းတို့ပူပေါင်းပြီးမြောက်ဦး ဟိုတည်ရှေ့တွင် လမ်းသွား လမ်းလာများအား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

” သူတို့အင်အားကတော့ ၃၀ လောက်ရှိပါတယ်၊ စစ်ကား ၁ စီးနှင့် ခရိုင် ရဲကား ၁ စီးလည်း စစ်သားတွေနှင့်ပူးပေါင်းပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာကိုတွေ့ခဲ့တယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၉ နာရီခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့ထဲရှိ အလယ်စျေးရပ်ကွက်၊ ကုန်သည်တန်းစျေး၊ ကျောက်ရစ်ကေရက်ကွက်၊ ညောင်ပင်စျေး စသည့်ဈေး နေရာများတွင် စစ်သားအင်အား ၄၀ ခန့်ဖြင့် စစ်ဆေးမှုများပြုလုပ်ခဲကြောင်းသိရသည်။

ထို့အပြင် မောင်တောမြို့နယ် ဝက်ကျိန်းရွာ၊ မင်းကြီးရွာ၊ ရန်အောင်ပြင်ရွာ စသည့်ရွာများတွင် လည်း စစ်ကောင်စီတပ်ဖွဲ့များ တပ်အင်အား တိုးချဲ့ဝင်ရောက်နေရာယူနေကြောင်းသိရသည်။

“အရင်က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ လောက်ပဲရှိပါတယ်၊ သူတို့လည်း နိုဝင်ဘာလ ၂၆ ရက် ရခိုင်တပ်တော်နှင့် စစ်ကောင်စီတို့ အပစ်ခတ်ရပ်စဲတဲ့နေ့ကတည်းက မောင်တော တပ်မထဲကို ပြန်သွားကြပါတယ်၊ ဒါပေမယ့် ဒီနေ့ မနက် ၁၀ နာရီ ၄၆ မိနစ်က သူတို့ အင်အား ၂၀၀ ကျော်လောက်နှင့် ပြန်လည်ရောက်ရှိလာကြပါတယ်” ဟုရွာသားတဦးမှ ABN ကိုပြောသည်။

မင်းပြားမြို့တွင်လည်း ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်ခန့်က မင်းပြားမြို့ ၅၄၁ တပ်ရင်းနှင့် ၅၃၇ တပ်ရင်းမှ စစ်ကောစ်စီတပ်ဖွဲ့ဝင်များသည် မင်းပြားမြို့ မင်းဘာကြီးရက်ကွက်ရှိ သင်္ဘော ဆိပ်ကမ်းဖက်သို့ လက်နက်အပြည့်အစုံသယ်ယူပြီး ဆင်းသွားကြောင်းသိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့ကလည်း မင်းပြားမြို့ထဲတွင် နေရာအနှံ့ လှည့်လှည်သွားလာပြီး စစ်ရေးလှုပ်ရှားခြင်း ပြုလုပ်ခဲ့ကြကြောင်း မြို့ခံတစ်ဦးကပြောသည်။

“သူတို့ မနေ့က ၁၁ နာရီခန့်မှာလည်း ၅၄၁နှင့် ၅၃၉ တပ်ရင်းနှင့် ပူပေါင်းပြီးတော့ မြို့ထဲနေရာအနှံ လှုပ်ရှားသွားလာခဲ့ကြတယ်။ ဖမ်းဆီးသံတော့ မကြားရပါဘူး” ဟုပြောသည်။

စစ်တွေ ရွှေမင်းဂံဆိပ်မှ နေဗီ ၃ စီးသည်လည်း မင်းပြားဖက်သို့ ဦးတည်၍ ယနေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဆင်းသွားကြောင်းသိရသည်။

မင်းပြားမြို့ထဲရှိ မင်းပြား၊ ပေါက်တော၊ မြေပုံ လမ်းသုံးခွဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများ၏ ကား၊ ဆိုင်ကယ်၊ သုံးဘီး စသည့်တို့ကို နိုဝင်ဘာလအစကတည်းက စတင်၍ တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ရခိုင်တပ်တော် AA တို့ကြား နိုဝင်ဘာလ ၂၆ ရက်နေမှစ၍ အပစ်ခတ်ရပ်တန့်ထားသော်လည်း မင်းပြား ကြပ်စင်တံတားကို ဖွင့်ပေးခြင်းမရှိသေးကြောင်းသိရသည်။

အလားတူ ကျောက်တော်မြို့တွင်လည်း ၃၇၄ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ခန့်သည် ကျောက်တော်မြို့ထဲတွင် နေရာအနှံ့ တပ်ဖြန့်နေရာယူခဲ့ကြကြောင်းသိရသည်။

“၁၀ နာရီလောက်ရှိဖို့ထင်ပါတယ်၊ သူတို့က လူစုခွဲပြီး ပတ်သွားနေကြပါတယ်၊ အဝေးပြေးကားလမ်းပေါ်မှာလည်း သူတို့နေရာယူနေကြခဲ့တယ်၊ ကျောက်တော်က မြောက်ဦးကို ထွက်တဲ့ဂိတ်နားမှာလည်း သူတို့နေရာယူခဲ့ကြတယ်၊ ကျောက်တော် ကစ္စပနဒီတံတား အရှေ့မြောက်ဖက် ကန်ဂိတ်အနီးမှာလည်း သူတို့နေရာယူခဲ့ကြတာတွေ့တယ်” ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။

ကျောက်တော်မြို့တွင် ဒီဇင်ဘာ ၁ ရက်နေ့က မနက် ၉ နာရီလောက်တွင်လည်း ကျောက်တော် စကခ (၉) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ထဲရှိရပ်ကွက်အားလုံးနီးပါးကို ပတ်ကာ နေ့လယ် ၂နာရီလောက်တွင် စကခ (၉) တပ်ရင်းသို့ပြန်ဝင်သွားခဲ့ကြကြောင်းသိရသည်။

ရခိုင်တွင် နိုဝင်ဘာ ၂၆ ရက်နေ့မှ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘော အပစ်ခတ် ရပ်စဲထားခဲ့ကြပြီး နှစ်ဖက်တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီဖက်က ရခိုင်ပြည်ရှိ မြို့နယ်အများစုတွင် စစ်ရေးလှုပ်ရှားမှုများကို ယခင်ကထက်ပို၍ လုပ်လာသည်ကို ABN ၏ စုံစမ်းချက်များအရ သိရသည်။

နိုဝင်ဘာ ၂၆ ရက်နေ့မှစ၍ ရေလမ်းကြောင်းအများစုကို စစ်ကောင်စီတပ်က ဖွင့်ပေးခဲ့သော်လည်း ကုန်လမ်းကြောင်းများကို ပိတ်ထားဆဲ ဖြစ်သည့်အတွက် ပြည်သူများမှာ ခရီးသွားရန် အခက်အခဲ ကြုံလျက်ရှိပြီး တိုက်ပွဲ ပြန်ဖြစ်လာမည်ကိုလည်း စပါးရိတ်သိမ်းနေကြသည့် လယ်သမားများမှာ စိုးရိမ်နေကြကြောင်း သိရသည်။

ရခိုင်တွင် အပစ်ရပ်ကြောင်းပြောပြီးနောက် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ ပို၍ လုပ်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ