ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ခတ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်မှ ပိတ်ထားသည့် ကားလမ်းများကို ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လည်အချိန်ထိ ပွင့်ပေးခြင်းမရှိသေးကြောင်း စုံစမ်း သိရှိရသည်။
ထိုသို့ အဝေးပြေး ကားလမ်းများကို စစ်ကောင်စီတပ်က ပိတ်ထားသည့်အတွက် ဒေသတွင်း စီးပွားရေးသမားများအတွက် စီးပွားရေး ထိခိုက်နစ်နာမှုများ ရှိနေပြီး နှင့် ခရီးသွားကြမည့် သူများအတွက် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်လျက်ရှိနေသည်။
ထို့အပြင် ကုန်စည် စစ်တွေမြို့တွင်လည်း စက်သုံးဆီအပါအဝင် လူသုံးကုန်ကုန်စည်ပြတ်တောက်မှုများ ဖြစ်ပြီး ကုန်ဈေးနှုန်းများမှာ အရင်ထက် မြင့်တက်လျက်ရှိသည်။
ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာဆာဆာကာဝါ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခြင်းကြောင့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့သည် နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ထားသည်။
ပိတ်ထားဆဲ ဖြစ်သည့် လမ်းများမှာ စစ်တွေ-ပုဏ္ဏားကျွန်း အဝေးပြေးကားလမ်းမ၊ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်း၊ အငူမော်-မောင်တော ကားလမ်းများမှာ စစ်ကောင်စီတပ်က ဂိတ်ချ ပိတ်ထားဆဲဖြစ်သည်။
စစ်တွေ-ပုဏ္ဏားကျွန်းကြား အဝေးပြေးကာလမ်းမကို ယခုလ နိုဝင်ဘာ ၁၀ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်မှ ပိတ်ဆို့ထားခြင်းကြောင့် ထိုကားမပေါ်တွင် ကုန်တင်ကားများနှင့် ခရီသည်တင်ကားများမှာ ရပ်ထားရဆဲဖြစ်သည်။
အပစ်ခတ်ရပ်စဲပြီး နိုဝင်ဘာ ၂၆ ရက်နေ့မှစတင်ပြီး စစ်ကောင်စီမှ ၃ လခန့်ကြာပိတ်ထားခဲ့သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ရေလမ်းကြောင်းများကို မူ ဖွင့်ပေးထားပြီဖြစ်ကြောင်း သိရသည်။