Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများကို လျှော့ချရန် သစ်ပင်များပိုမို ထပ်တိုးစိုက်ပျိုးရန် လိုအပ်နေ

ရခိုင်တွင် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုများကို လျှော့ချရန် သစ်ပင်များပိုမို ထပ်တိုးစိုက်ပျိုးရန် လိုအပ်နေ

ABN-ရာဟု

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင်း ကမ္ဘာတစ်ဝန်းတွင် မိုးခေါင် ရေရှားပါးမှု ပြဿနာများဖြင့် ရင်ဆိုင်နေကြရသည့်အထဲတွင် ရခိုင်ပြည်လည်း အပါအဝင်ဖြစ်ကာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ လျှော့ချ နိုင်ရန် သစ်ပင်များ ပိုမို ထပ်တိုး စိုက်ပျိုးရန် အဓိကလိုအပ်နေသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် နေသူများက ပြောဆိုသည်။

ရခိုင်တွင် ယခင်နှစ်က ပျမ်းမျှ အမြင့်ဆုံးအပူချိန်မှာ ၃၄ ဒီဂရီစင်တီဂရိတ်သာရှိခဲ့သော်လည်း ယခုနှစ်တွင် ၄၀ ဒီဂရီစင်တီဂရိတ်အထိရောက်ရှိလာပြီး သောက်သုံးသည့် ရေကန်များခမ်းခြောက်၍ ပြည်သူများမှာ သန့်ရှင်းသည့် သောက်သုံးရေရရှိမှု နည်းပါးလာပြီး၊ အပူရှိန်ပြင်းထန်မှုကြောင်း သက်ကြီးရွယ်အိုများ၊ကလေးသူငယ်များ၊ကိုယ်ဝန်ဆောင် မိခင်များ၊ နာတာရှည်ရောဂါရှိသူများနှင့် အဝလွန်သူများမှာ ရာသီဥတုအပူဒဏ်ကို ပိုမိုခံစားကြရသူများ ဖြစ်သည်။

ဧပြီလတွင် ရသေ့တောင်နှင့်မြောက်ဦးမြို့တို့တွင် အပူချိန်ကြောင့် ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တောက်ပြီး လူသေဆုံမှုများ ဖြစ်ခဲ့သည်။

မြို့နယ်အချို့တွင်လည်း အပူချိန်​ပြင်းထန်မှုနှင့် သောက်သုံးရေ ရှားပါးမှုတို့ကြောင့် လူအချို့မှာ အပူလျှပ်ခြင်းနှင့် အရေးပြားရောဂါများဖြစ်ပွား​ခြင်းများကြောင့် ဆေးရုံတက် ကုသမှု ခံယူခဲ့ရသည်အထိ ရှိလာနေကြောင်း ကျန်းမာရေးဝန်ထမ်း ၁ ဦးကပြောသည်။

“အပူကြောင့် ရုတ်တရက် သွေး​ကြောပြတ်သေဆုံးတာတွေ မြောက်ဦး၊ရသေ့တောင်မှာတွေ့တယ်၊ ရေရှားတာရယ် ပူတာတွေကြောင့် အရေးပြားရောဂါတွေပါ ဖြစ်ကြတာတွေ့တယ်” ဟု ABNသို့ပြောသည်။

(ဒီရေတောများကို စောက်ရှောက်စိုက်ပျိုးနေသူ ကိုမျိုးလွှင် (အမ်း)နှင့် စိမ်းလန်းစိုပြေငါရို့မြေ သစ်ပင်စိုက်ပျိုးရေးအသင်း(မြောက်ဦး)တို့က သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်များကို ဆောင်ရွက်နေကြသည်ဟု သိရသည်။)

ရခိုင်တွင် ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကို ဆိုးရွားစွာ နှစ်စဥ်နှစ်တိုင်း ခံနေကြရသော်လည်း သစ်ပင် စိုက်ပျိုးသူ၊ အဖွဲ့အစည်းများမှာ အလွန်နည်းပါးနေသည်ကိုတွေ့ရသည်။

ထိုသို့ သစ်ပင်စိုက်ပျိုးသူ နည်းပါးည့်အထဲမှ ဒီရေတောပင်များကို နှစ်စဥ် သိန်းချီ စိုက်ပျိုးနေကြောင်း အမ်းမြို့နယ်မှ ကိုမျိုးလွှင်ကပြောသည်။

၂၀၂၃ခုနှစ် ၄လတာကာလ အတွင်း ဒီရေတောသစ်ပင် တစ်သိန်းနီးပါးကို စိုက်ပျိုးနိုင်ခဲ့ကာ ရခိုင်တွင် စုစုပေါင်းဒီရေတော ဧက၃သောင်းခန့်ကို ကျားအိုချောင်း၊ မြုံဦးကျွန်း ၊ ဇီးကျွန်းမော်၊ ဆရာတော်ဦးဥတ္တမ ဘေးမဲ့တောနှင့် ဆနွှင်းတောများတွင် စိုက်ပျိုးထားနိုင်ခဲ့သည်ဟု ဒီရေတောများကို ထိန်းသိမ်းစောက်ရှောက်နေသူ ကိုမျိုးလွင် (အမ်း)က ပြောသည်။

“ကျနော် နှစ်သစ်မှာ အပင်တစ်သိန်းနီးပါး စိုက်လိုက်နိုင်တယ်၊ အကုန်စုစုပေါင်းဧက ၃သောင်းလောက် ကျနော်စိုက်ပျိုးထားနိုင်လိုက်တယ်၊”ဟု ကိုမျိုးလွင် (အမ်း)က ABN သို့ပြောသည်။

စိမ်းလန်းစိုပြေ ငါရို့မြေသစ်ပင်စိုက်ပျိုးရေးအဖွဲ့ကိုလည်း ၂၀၂၂ခုနှစ်က မြောက်ဦးမြို့တွင် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူများဖြင့်စတင်ဖွဲ့စည်းခဲ့ကာ ရခိုင်ပြည်ရှိ တောတောင်များနှင့် လမ်းဘေး ဝဲယာများတွင် သစ်ပင်များစိန်းလမ်းစိုပြေလာစေရန် ရွယ်ရည်ပြီး မြောက်ဦးနှင့် ပေါက်တောမြို့နယ်တွင် သစ်ပင် ၅၂၇၀ ပင်ခန့် စတင်စိုက်ပျ်ိုးခဲ့ပြီး ယခုနှစ်တွင် သစ်ပင်များပိုမိုစိုက်ပျိုးကာ ပြည်သူများကိုလည်း သစ်ပင်များ သဘာဝပတ်ဝန်းကျင်အတွက် အရေးပါပုံကို အသိပညာပေးသွားမည်ဟု စိမ်းလန်းစိုပြေ ငါရို့မြေ သစ်ပင်စိုက်ပျိုးရေးအဖွဲ့တည်ထောင်သူ ကိုမြတ်စိုးက ABNကို ပြောသည်။

“ရခိုင်တစ်ပြည်လုံး တောတောင်တွေနဲ့ လမ်းဘေးဝဲယာတွေမှာ သစ်တောတွေနဲ့ စိမ်းလန်းစိုပြေလာစေဖို့ စတင်ဖွဲ့စည်းတာဖြစ်ပါတယ်၊ ၂၀၂၂ခုနှစ်မှာ အပင် ၅၂၇၀ခန့် စိုက်ထားခဲ့တယ်၊ ဒီနှစ်လည်း ထပ်စိုက်ဖို့အစီအစဥ်တွေရှိတယ်၊ ပြည်သူကိုလည်း သစ်ပင်တွေအရေးပါပုံကို အသိပညာတွေပေးဖို့ရှိတယ်” ဟု ပြောသည်။

ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းတို့တွင်လည်း သစ်တောများပြုန်းတီးလာသဖြင့် ရခိုင်အခေါ် (ဒေါင်းရံ) လင်းယုန်ငှက်၊ စွန်ရဲနှင့် တခြားငှက်မျိုးစိပ်များ မျိုးတုန်းပျောက်ကွယ်သွားမည်ကို စိုးရိမ်၍ ငှက်မျိုးစိပ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်အောင် ငှက်အိမ်(ငှက်သိုက်) ၆၂၀က်ို ရမ်းဗြဲဒေသခံ ကိုအောင်ဇေမင်း ဦးဆောင်တည်ဆောက်ပြီး တောတောင်များတွင် ချိပ်ဆွဲခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်ပြည်တွင် သစ်တောခုတ်လှဲမှုများသာရှိပြီး အစားထိုးစိုက်ပျိုးခြင်းနည်းပါးသည့်အတွက် ရာသီဥတု ဖောက်ပြန်မှုကို တားဆီးထိန်းညှိပေးကာ သဘာဝဘေး အန္တရာယ်များကို ကာကွယ်ပေးခြင်း၊ လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆ်ုက်များကို စုပ်ယူပေးခြင်း၊ အောက်ဆီဂျင်များကိုထုတ်လွှတ်ပေးနိုင်သည့် သစ်ပင်များမှာ တစ်နှစ်ထက်တစ်နှစ် လျှော့နည်းလာသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ