ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် တရားဟောရန်သွားသည့် မူဆလင်ဘာသာရေး တရားဟောဆရာ မော်လဝီတစ်ဦးမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်သောကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
အဆိုပါ တရားဟောဆရာမှာ ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်း(မူဆလင်) ကျေးရွာနေ ဦးအာလီယာမောက်၏သား အသက် (၆၀)ခန့်အရွယ် ဦးနိုရူဆလင် ဖြစ်သည်။
ယနေ့အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်က ၎င်းနေထိုင်သည့်ရွာမှ တရားဟောရန်သွားစဥ် ကံပြင်( မူဆလင်) ရွာအရောက် သရက်တောင်(မူဆလင်) ရွာ ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် လက်နက်ကြီး ကျည်စထိမှန်ပြီး ဘယ်ခြေထောက်နှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရရှိသွားသော မော်လဝီဆရာ ဦးနိုရူဆလင်အား၎င်းနှင့်အတူပါလာသည့် သူများမှ စိမ်းညှင်းပြား ဗလီသို့ သယ်ယူလာရာလမ်းတွင် စိမ်းညှင်းပြားစာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကကြားဖြတ် ယူဆောင်သွားကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က စကစ၏ လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် မူဆလင်အမျိုးသားတစ်ဦးကိုလည်း စိမ်းညှင်းပြားတွင် တပ်စွဲထားသည့် စကစ အဖွဲ့က ယူဆောင်သွားခဲ့သည်။


