Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် မုန်တိုင်းကြောင့် မျိူးစပါးများ ပျက်စီးသွားသဖြင့် ယခုနှစ် စပါးစိုက်ရာသီ မျိုးစပါးစျေးတတ်နေဟု လယ်သမားများပြော

ရခိုင်တွင် မုန်တိုင်းကြောင့် မျိူးစပါးများ ပျက်စီးသွားသဖြင့် ယခုနှစ် စပါးစိုက်ရာသီ မျိုးစပါးစျေးတတ်နေဟု လယ်သမားများပြော

ABN-ရှိုင်းမိုး

ဇွန် ၁၃ရက်

ရခိုင်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မျိုးစပါး ယခင်နှစ်ကထက် ယခုနှစ်ပို၍ စျေးတတ်နေသည်ဟု လယ်သမားများက ပြောသည်။

မြေပုံမြို့နယ် င/မန်းရဲကျွန်းဒေသဖက်တွင် မိုခါမုန်တိုင်းတိုက်ခတ်ခဲ့သောကြောင့် စုဆောင်းထားသည့် မျိုးစပါးများ ပျက်စီးသွား၍ ယခုနှစ်မျိုးစပါးဝယ်ယူရန်ခက်ခဲနေသည်ဟု င/မန်းရဲကျွန်း ဝကောက်ကြီးရွာမှ လယ်သမားကြီးဖြစ်သူ ဦးစံမြတင်ကပြောသည်။

“မျိုးစပါးက ဒီနှစ်ရှားမှာ၊ ဘာလို့လဲဆိုတော့ သိုလှောင်ထားတဲ့မျိုးစပါးတွေက မုန်တိုင်းကြောင့်မိုးမိသွားတယ်၊ တချို့လယ်သမားတွေက စပါးစိုက်ချိန်ရောက်မှဝယ်ယူကြတာရှိသလို၊ တချို့လယ်သမားတွေက စုဆောင်ထားတာမျိုးရှိတယ်၊ ဒါပေမယ့် ဒီနှစ်တော့မျိုးစပါးဝယ်ရမှာ ခက်ခက်ခဲခဲဖြစ်မှာ” ဟုပြောသည်။

လက်ရှိတွင် ပေါ်ဆန်းမွှေးမျိုးစပါး ၁ တောင်းကို ၂၀၀၀၀ ကျပ်ထိ ဈေးရှိနေကြောင်း၎င်းကပြောသည်။

“ပေါ်ဆန်းမွှေးမျိုးစပါး ၁ တောင်းကို ၂၀၀၀၀ ကျပ်ထိရှိတယ်၊ ပြီးခဲ့တဲ့နှစ်ကတော့ ၁၀၀၀၀၊ ၁၁၀၀၀ အဲလောက်ပဲရှိတယ်၊ ဒီနှစ်တော့မသေချာဘူး၊ ၂၀၀၀၀ ထက်ပိုပြီးလည်းတိုးလာနိုင်တယ်” ဟုဆိုသည်။

အဆိုပါ င/မန်းရဲကျွန်းသည် မိုခါမုန်တိုင်းကြောင့် ရေနစ်မြုပ်သွား၍ လယ်ကွင်းများတွင် ရေငန်နှင့် အညစ်အကြေးများတင်သွားသည့်အတွက် လယ်လုပ်ရန် ခက်ခဲမည်ဟု ကြက်ရေကြီးရွာမှ ဦးမောင်ဖြူချေကပြောသည်။

“လယ်တော့လုပ်ကြမယ်၊ ဒါပေမယ့် လယ်ကွင်းတွေမာ ကွမ်းတွေသောင်တင်နေတာရှိသေးတယ်၊ ကျွန်တော်တို့အတတ်နိုင်ဆုံးလုပ်ထားတယ်၊ ကွမ်းကတော်တော်များတော့ လုပ်ရတာအဆင်မပြေဘူး၊ ဒါပေမယ့် လယ်မလုပ်လို့လဲမရဘူး” ဟုဆိုသည်။

ရခိုင်ပြည်အတွင်း တချို့နေရာများတွင် လယ်ထွန်နေကြသော်လည်း င/မန်ရဲကျွန်းတွင် မုန်တိုင်းကြောင့် လယ်ကွင်းများ ရေငန်ဝင်သွားသည့်အတွက် လယ်ထွန်ယက်စိုက်ပျိုးမှု နောက်ကျမည်ဟု လယ်သမားများက ပြောသည်။

မုန်တိုင်းဒဏ်သင့်ခဲ့သည့် မြို့နယ်တိုင်းတွင် လယ်ကွင်းများကိုဆားငန်ရေ ဝင်ရောက်သွားခဲ့သည့်အတွက် စပါးမဖြစ်ထွန်းမည်ကို လယ်သမားများ စိုးရိမ်လျက်ရှိကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ