Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း သန့်ရှင်းသည့် သောက်သုံးရေ အခက်အခဲများကြောင့် ဝမ်းရောဂါ အဖြစ်များလာ

ABN-ရာဟု

ဇွန် ၁၀ရက်

ရခိုင်ပြည်တွင် မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့သည့်အတွက် ပြည်သူများ သန့်ရှင်းသည့် သောက်သုံးရေ အခက်အခဲများဖြစ်ကာ ဝမ်းရောဂါနှင့်တခြားဆက်စပ်ရောဂါများအဖြစ်များလာသည်ဟု ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

မေလ ၁၄ရက်နေ့က မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် ကျေးရွာများရှိ သောက်ရေကန်များနှင့် ရေတွင်းများကို ဆားငံရေများဝင်ရောက်ခဲ့ခြင်း၊ သစ်ပင်များပြိုလဲကာ သစ်ရွက်များရေကန်များအတွင်း ကျရောက်မှုတို့ကြောင့် ရေများသန့်ရှင်းမှု မရှိဘဲဖြစ်နေကြရသည်။

ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် ပေါက်တောမြို့နယ်များရှိ ရေတွင်းရေကန်များမှာ ဆားငံရေများကို စက်ကြီးများဖြင့် ပြန်လည်စုပ်ထုတ်ထားသော်လည်း အသစ်ပြန်လည်ထွက်လာသည့်ရေများမှာလည်း သန့်ရှင်းမှုမရှိကြောင်း သိရသည်။

သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကျေးရွာများတွင် ဝမ်းရောဂါများအဖြစ်များကာ ဆေးရုံတင် ကုသရသည်အထိရှိလာနေကြောင်း ရသေ့တောင်မြို့နယ်မှ ဝမ်းရောဂါကြောင့် ဆေးရုံတက်လိုက်ရသူ ဦးထွန်းမောင်က ပြောသည်။

“ကျနော် ဝမ်းသွားတာ ရွာကဆရာမကိုပြတာ ဘယ်လိုမှမသက်သာတော့ ဆေးရုံကိုသွားလိုက်ရတယ်၊ ရေမသန့်လို့ ဖြစ်တာပြောတယ် ၊ ဆေးရုံမှာလည်း ကျနော့်လိုလူနာတွေ များတယ်၊ ရေကန်တွေက ဆားငံရေတွေဝင်သွားတာ၊ပြန်စုပ်ပြီး အသစ်လုပ်ထားတာဆိုတော့ ရေကနည်းပြီး ရေမသန့်တာပေါ့” ဟု ဦးထွန်မောင်က ABNကိုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွားများတွင်လည်း သောက်ရေတွင်းများ သန့်ရှင်းမှုမရှိသည့်အတွက် ကလေးအများစုမှာ ဝမ်းရောဂါများဖြစ်ကာ လက်များတွင်ပါ အဖုသီးအနီကလေးများထွက်ပြီး ယားယံမှုများဖြစ်သည့်အတွက် ကျေးလက်ဆေးခန်းမှာ သွားပြရာ ရေမသန့်ရှင်းမှုကြောင့် ဖြစ်သည့်ရောဂါဟု ပြောကြောင်း ကလေမိခင်တစ်ဦးကပြောသည်။

“ကလေးက ဝမ်းသွားတယ်၊ လက်တွေမှာလည်းအဖုအပိန်းတွေထွက်ပြီး ယားတယ်ပြောလို့ ဆေးခန်းသွားပြတာ ဆရာမက ရေကြောင့်ဖြစ်တာလို့ပြောတယ်၊ ရေတွင်းတွေမှာက မုန်တိုင်းကြောင့် သစ်ရွက်တွေနဲ့အမှိုက်တွေ ဝင်နေတာ တွင်းကနက်တော့ ယူမရဘူး” ဟု ကလေးမိခင်တစ်ဦးဖြစ်သူ ဒေါ်ကြာဇံခိုင်က ABNကိုပြောသည်။

ရေမသန့်ရှင်းသည့်အတွက် ကလေး လူကြီးကအစ ဝမ်းရောဂါများဖြစ်ပွားမှုများလာသည့်အတွက် ရေများကို အတတ်နိုင်ဆုံးကြိုသောက်ကြရန်လိုအပ်ပြီး ဝမ်းရောဂါဖြစ်ပွားလျှင်လည်း နီစပ်ရာဆေးခန်းများကို အမြန်လာရောက်ပြသစေလိုကြောင်း ​ပေါက်တောမြို့နယ်တွင် တာဝန်ထမ်း​​​​​နေသူ ကျေးလက်ကျန်းမာရေးဌာနဆေးမှူးတစ်ဦးက ​ABN သို့ပြောသည်။

ရခိုင်တွင် မိုခါမုန်တိုင်းကြောင့် ပြည်သူ ၁၂သိန်းကျော် ဒုက္ခရောက်ပြီး နေအိမ်၂၁၆၀၀၀ ကျော်ပျက်စီးခဲ့ရကာ ပြည်သူများမှာ စားဝတ်နေရေးကအစ ကျန်မာရေးများအတွက်ပါ အခက်အခဲဖြစ်နေပြီး အကူအညီများစွာ လိုအပ်လျက်ရှိနေသည်။

စစ်ကောင်စီက မုန်တိုင်းသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးပေးနေသည့် NGO, INGO, CSO အဖွဲ့များကို ခရီးသွားလာခိုင်း ရပ်ဆိုင်းလိုက်သည့်အတွက် မုန်တိုင်းသင့်ပြည်သူများ ကယ်ဆယ်ရေးအထောက်အပံ့မရဘဲ ငတ်ပြတ်မှု ပြဿနာဖြင့် ကြုံရလာနိုင်ဖွယ်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ