Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်ထားသည့်အပေါ် လူထုအသံ

နိုဝင်ဘာ ၂၆ ရက်နေ့က ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများကို နှစ်ဖက်သဘောတူ အလွတ်သဘော ရပ်တန့်လိုက်ကြသည်။ ထိုသို့ရပ်တန့်ရန် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မာစတာဆာဆာကာဝါ ကြားဝင်စေ့စပ်ပေးခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံမှပြောသည်။

ထိုပစ်ခတ်ရပ်တန့်ခြင်းမှာ NCA (တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး) ပုံစံမျိုးမဟုတ်ဘဲ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေဆဲကာလတွင် အရပ်သားပြည်သူများ ထိခိုက်မှု၊ ဆုံးရှုံးမှု အနည်းဆုံးဖြစ်ရန်နှင့် လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ရန် ရည်ရွယ်၍ “လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်ခြင်း” (Humanitarian Pause) မျိုးဖြစ်သည်။

ရက္ခိုင့်တပ်တော်၏ ပြန်ကြားရေးတာဝန်ခံ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကမူ ကောက်ရိတ်သိမ်းချိန်ဖြစ်သည့်အလျောက် တောင်သူလယ်သမားများ စပါးရိတ်သိမ်းနိုင်ရန် ရည်ရွယ်၍ အပြစ်ရပ်တန့်ခြင်း ဖြစ်ကြောင်း ၆ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ပြီး၊ ဤ အပစ်အခတ်ရပ်စဲခြင်းမှာ ကတိကဝတ်စာချုပ် စာတမ်းဖြင့် ပြုလုပ်ခြင်းမဟုတ်သည့်အတွက် မည်သည့်အချိန်တွင် ပြန်လည် တိုက်ပွဲများ ဖြစ်လာမည်ကို မသိနိုင်ကြောင်းလည်း ပြောခဲ့သည်။

ရခိုင်တွင် စစ်ဘေးရှောင် ၁ သိန်းကျော်မှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်စသည်များကို အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။

ဦးခိုင်ကောင်းစံ (ဒါရိုက်တာ)

(ဝံလက်ဖောင်ဒေးရှင်း)

ဆွေးနွေးမှုနှင့် အဖြေရှာကြတာပေါ့၊ ဥပမာ စစ်ကို စစ်နှင့် ဖြေရှင်းလို့ရတဲ့ ငြိမ်းချမ်းရေးဆိုတာက တော်တော့်ကို ရှားပါတယ်၊ အထူးသဖြင့် ရခိုင်ဒေသမှာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေဖြစ်ခဲ့တယ်၊ နောက်ကန့်သတ်မှုတွေလုပ်တယ်၊ အဲဒီအပေါ်မှာ လမ်းတွေပိတ်တယ်၊ နှစ်ဖက်စစ်ဆင်ရေး အားသာမှုတွေ လုပ်ကြတာပေါ့၊ ပြည်သူအကျိုးကို ရှေးရှုတယ်ဆိုတာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သဘာဝကျတဲ့ အချက်ပါ၊ တော်လှန်ရေး လုပ်တယ်ဆိုတာကလည်း ပြည်သူ့အကျိုးအတွက် လုပ်တာဖြစ်တယ်၊

နောက်တစ်ခုက ဒီရာသီဟာ ဆောင်းရာသီဖြစ်တယ်၊ စပါးခင်းတွေကို စပါးရိတ်ဖို့၊ တောင်သူလယ်သမားတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးအင်အား၊ လူအင်အားတွေရဲ့ ရလဒ်ကို ကြည့်မှာပေါ့၊ ပြောရမယ်ဆိုရင် စပါးရိတ်တာပေါ့ဗျာ၊

နောက်တစ်ခုက ယခုလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲလိုက်ခြင်းအားဖြင့် လမ်းတွေပေါ့ ရေကြောင်းကုန်းကြောင်းလမ်းတွေကိုလည်း ဖွင့်ပေးဖို့လိုတယ်၊ ဒီနေ့တော့ စစ်တွေ – ပုဏ္ဏားကျွန်း ကားလမ်းဖွင့်ပေးမယ်လို့ ကြားတယ်၊ တိုက်ခိုက်မှုတွေ ရပ်စဲတဲ့ အတွက်ကြောင့် အထူးသဖြင့် မြောက်ဦးမြို့ဆိုရင် ယူနက်စ်ကိုမှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်မြို့တော်တစ်ခုအဖြစ်ဝင်ဖို့ ကြိုးစားနေတဲ့ကာလလည်းဖြစ်တယ်၊ တိုက်ပွဲတွေသာ ကြီးကြီးမားမားဖြစ်နေမယ်ဆိုရင် မြောက်ဦးမြို့ကို လာမယ့် ကမ္ဘာလှည့်ခရီးသည်တွေပဲဖြစ်ဖြစ်၊ မြောက်ဦးမြို့နှင့် သက်ဆိုင်တဲ့ ယူနက်စ်ကို ဝင်မဲ့အထောက်အထားတွေကို ရယူဖို့အတွက် သက်ဆိုင်တဲ့အဖွဲအစည်းတွေ လာဖို့ဆိုတဲ့ အကျိုးတွေကို ဆုတ်ယုတ်စေတာပေါ့၊

အခုလို အပစ်အခတ်ရပ်စဲလိုက်တာက ဘယ်လိုပဲပြောပြော ရခိုင်ပြည်သူနှင့် ရခိုင်ပြည်အတွက် ကောင်းတယ်၊ အပြုသဘောနှင့် ပြောရမယ်ဆိုရင် ကောင်းတဲ့လက္ခဏာဖြစ်နေတယ်၊ ယာယီရပ်စဲနေတာကနေ ရှေ့ဆက်ပြီး တည်မြဲတဲ့ ရပ်တည်မှုတွေလည်း ဖြစ်ဖိုလို့တယ်လို ပြောချင်ပါတယ်။

ဦးအောင်မြင့်သူ (ကျောင်းအုပ်)

(Change+Maker School)

ကျွန်တော်တို့ကြည့်ရမှာက နိုင်ငံတကာရဲ့ သွားနေတဲ့ပုံစံတွေကိုလည်း ကြည့်ဖိုလိုတယ်၊ ဥပမာ AA က တိုက်ပွဲတွေကို ပြင်းပြင်းထန်ထန်တိုက်ဘဲတိုက်နေပြီး လူသားတွေဆုံးရှုံးမှုတွေကိုလည်း လိုလားမှာမဟုတ်ပါဘူး၊ ပြည်သူ့အကျိုးကို တအားရှေးရှုတာပေါ့၊ နောက်ပြီး တခြားလက်နက်ကိုင် အဖွဲတွေလည်း အဲလိုမျိုးလုပ်ခဲ့တာတွေရှိတယ်၊ ကျွန်တော်တို တွေ့ခဲ့ဖူးတဲ့ မွန်ပြည်သစ်ပါတီဆိုလည်း သူတို့ကို မေးကြည့်ဖြစ်တယ် ဘာ့ကြောင့် ငြိမ်းချမ်းရေးယူခဲ့တာလဲပေါ့ သူတို့က ပြည်သူ့အကျိုးကိုကြည့်လို့ ပြည်သူလူထုက မခံနိုင်တော့လို၊ ပြည်သူတွေရဲ့ မျက်နှာတွေကိုလည်း ကြည့်ရတာပေါ့လို ပြောထားခဲ့တာရှိတယ်၊ နိုင်ငံတကာအပိုင်းနှင့် လူသားချင်းစာနာမှုအပိုင်းတွေကြောင့် ယာယီအပစ်အခတ်ရပ်စဲလိုက်တာလို့ ကျွန်တော်မြင်ပါတယ်။

ဦးထွန်းကြည် (Executive Director)

(Center for Peace and Development)

သူ့သဘောကိုယ့်သဘော ရပ်စဲကြတယ်ဆိုတာက တစ်ဖက်မှာ နိုင်ငံရေးအရစကားပြောသင့်ရင်လည်း ပြောရမယ်၊ ဒါက တော်လှန်ရေးရဲ့ သဘောသဘာဝလည်း ဖြစ်တယ်၊ အခုရခိုင်ပြည်မှာ စစ်ရေးတင်းမာနေတယ်ဆိုတာက အတိုင်းအတာတစ်ခုထိ ကြာနေပြီဖြစ်တယ်၊ ဒီလိုတင်းမာမှုတွေကြောင့် ရခိုင်ပြည်သူလူထုတွေအနေနဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး ပြေးကြရတယ်၊ မလိုအပ်ဘဲ ရွာတွေကို လက်နက်ကြီးကျတာကြောင့် ဒုက္ခရောက်နေကြတယ်၊ အဲတာတွေအတွက် အခုအချိန်မှာ အေအေနှင့် စစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲလိုက်ကြတာက ကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။

ဒေါ်ညိုအေး (ဥက္ကဌ)

(ရခိုင်အမျိုးသမီးများကွန်ယက်)

သဘောတူညီမှုတစ်ခုကြောင့် ယာယီအပစ်ရပ်တယ်လို ပြောရမှာပေါ့၊ ပစ်ခတ်တာတွေ မရှိဆိုကတည်းက ပြည်သူလူထုအနေနဲ့ သွားရေးလာရေးတွေမှာ ချောင်သွားတာပေါ့၊ တစ်ချို့လမ်းတွေကတော့ ပွင့်ပြီလို့ ပြောတာကြားရတယ်၊ ဘူးသီးတောင်၊ ရသေ့တောင်ဘက်တွေကိုတော့ ရွှေပြည်တန်တွေ ထွက်တာတွေ့ရတယ်၊ ကုန်စည်စီးဆင်းမှုတွေလည်း နည်းနည်းလောက်ကောင်းလာမလားဆိုတဲ့ အကောင်းဘက်က မြင်တာတွေရှိတယ်၊ နောက်ပြီး အခုလိုပစ်ခတ်သံတွေကြားနေလို့ ပြည်သူတွေ ထိတ်လန့်နေရဖို့ ထွက်ပြေးနေကြရဖို့အတူတူ မပစ်ဘဲရပ်နေတာက ကိုယ့်ပြည်သူတွေအတွက် ကောင်းတယ်၊ စပါတွေရိတ်သိမ်းတာတွေလည်း လုပ်လာကြတော့မှာပေါ့။

ထင်မြင်ယူဆချက်‌‌ပေးရန်