သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ လက်ချက်ဖြင့် အသက် ၁၈ နှစ်အောက် ကလေး ၁ ဦး သေဆုံးခဲ့ရပြီး ၇ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့

ရခိုင်ပြည်တွင် နိုဝင်ဘာလ ၄ ရက်နေ့မှ ၁၂ ရက်နေ့အထိ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၈ နှစ်အာက် ကလေး တစ်ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြာင်း Arakan Bay News သတင်းဌာနမှ ပြုစုထားသည့် အချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လူနေရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်း၊ နေဗီများဖြင့် ပစ်ခတ်ခြင်း၊ ရဟတ်ယာဥ်များဖြင့် ပစ်ခတ်ခြင်းများကို နေ့စဥ်ပြုလုပ်လျက်ရှိနေသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျောက်တော်မြို့နယ် ရွှေပြည်သစ်ရွာမှ အဖဦးနိုင်ဝင်းထွန်း၏သား အသက် ၈ နှစ်အရွယ် မောင်အောင်မင်းနိုင်သည် ကျောက်တော် စကခ ၉ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နေအိမ်ကို ကျရောက်ပေါက်ကွဲစဥ် ဦးခေါင်းကိုကျည်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးခဲ့ရသည်။

ရခိုင်တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီ၏ လက်ချက်ဖြင့် အသက် ၁၈ နှစ်အောက် ကလေး ၁ ဦး သေဆုံးခဲ့ရပြီး ၇ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့

၎င်း၌ပင် ကျောက်တော် ရွှေပြည်သစ်ရွာမှ အသက် ၁၂ နှစ်အရွယ် မခိုင်ဇင်မိုးသည် ကျောက်တော် စကခ ၉ မှ ပစ်လိုက်သည့် ကျည်ထိမှန်ပြီး ခါးဘေးစကို ထိမှန်ပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ကျောက်တော်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသည်။

နိုဝင်ဘာ ၄ ရက်နေ့၌ပင် ကျောက်တော်မြို့နယ် လက်ဆံကောက်ရွာမှ အသက် ၁၀ နှစ်အရွယ်ရှိ မောင်မာမတ်နိုးတွင် ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာ၏ အသေးစိတ်အချက်အလက်ကိုမူ စုံစမ်း၍ မရရှိသေးပေ။

နိုဝင်ဘာလ ၄ ရက်နေ့၌ ကျောက်တော်မြို့နယ် ပိန္နဲချောင်းရွာမှ အသက် ၁၈ နှစ်အရွယ် မနုနုလှိုင်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၅ ရက်နေ့က ဘူးသီးတောင်မြို့နယ် သရက်ကင်းမနူးရွာ (မူဆလင်ရွာ) အသက် ၅ နှစ်အရွယ် မောင်မာမတ်အာနူတွင် စစ်ကောင်စီ စကခ ၅ တပ်ရင်းမှ ပစ်သည့် ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ရွာမှ အဖ ဦးမောင်စောသိန်း၏ သား အသက် ၁၅ နှစ် မောင်စိုးဝင်းဦးတွင် ပေါင်တွင် ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် စစ်တွေ ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ကျောက်တော်မြို့နယ် ရွှေပြည်သစ်ရွာကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် အဖ ဦးမောင်ရဲအောင်၏ သမီး အသက် ၇ နှစ်အရွယ်ရှိ မခိုင်ဇင်ဖြိုး တွင် ရင်ဖတွင် ကျည်ထိ ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ ယင်းရွာမှ အဖဦးရွှေလှဖြူ၏သမီး အသက် ၇ နှစ်အရွယ်ရှိ မလှလှကျော့တွင်လည်း ဦးခေါင်းတွင် ဒရုန်းဖြင့်ပစ်ခတ်သော ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်နေ့တွင် ‌‌မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာမှ အဖဦးလှထွန်းခိုင်၏သား အသက် ၁၁ နှစ်မောင်ကိုခိုင်ဝင်းတွင် မြောက်ဦးမြို့နယ် တောင်ဖြူတောင်တွင် တပ်စွဲထားသည့် စကစအဖွဲ့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘေးစတွင် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ‌မြောက်ဦး၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ကြည်း၊ ရေ၊ လေ အင်အားများသုံးပြီး လူနေ ရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်လျက်ရှိနေသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ကြည်း၊ ရေ၊ လေ၊ ဒရုန်းများဖြင့် ကျေးရွာသားများကို လူမဆန်စွာ ပစ်သတ်ခဲ့မှုကြောင့် သက်ကြီးပိုင်း ၈၇ နှစ် အဖွားအို တစ်ဦးအပါအဝင် ရွာသား ၁၀ ယောက်ထက် မနည်း သေဆုံးခဲ့ရပြီး နေအိမ်များစွာကိုလည်း မီးရှို့ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ဆင်အင်းကြီး၊ ပဒေသာရွာသစ်/ဟောင်း၊ ကွမ်းတောင်၊ တန်ပတ်လမ်း တန်းခိုး၊ ကျော်ဇံ၊ ကျွဲထိုး စသည့် ကျေးရွာများမှ ရွာသားများမှာ စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုရန်ကို ကြောက်၍ စစ်ဘေးရှောင်နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ