Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် နိုင်ငံရေးအကျဥ်းသားများအား စစ်ကောင်စီမလွှတ်ပေး

ABN-နွယ်စိုး

(၇၅) နှစ်မြောက် မြန်မာလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက မြန်မာနိုင်ငံအကျဥ်းထောင်အသီးသီးတွင် အကျဥ်းကျနေသူ ၇၀၀၀ ကျော်တို့ကို လွှတ်ပေးကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး ရခိုင်ပြည်ရှိ အကျဥ်းထောင် ၄ ခုမှ ၃၁၇ ဦး လွတ်လာကြောင်း သိရသော်လည်း ထိုအထဲတွင် ULA/AA နှင့် ဆက်စပ်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးထောင်ချခံထားသူနိုင်ငံရေးအကျဥ်းသားများ တစ်ဦးမျှမပါကြောင်း သိရသည်။

စစ်တွေထောင်မှ ၅၇ ဦး၊ ကျောက်ဖြူထောင်မှ ၂၀ ဦး၊ သံတွဲထောင်မှ ၂၀၆ ဦးနှင့် ဘူးသီးတောင်ထောင်မှ ၃၀ ဦးတို့ ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်ရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား ၃၁၇ ဦး ယနေ့ လွတ်မြောက်လာသော်လည်း ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီး ထောင်ချထားသူများ တစ်ဦးမျှ မပါဝင်ကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဥက္ကဌ ဦးမြတ်ထွန်းက ABN ကိုပြောသည်။

ရခိုင်တပြည်လုံးမှာ ၃၁၇ ယောက်လွတ်တယ် ဒါပေမယ့်လို့ ရက္ခိုင့်တပ်တော်နှင့်ဆပ်စပ်ပြီး ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား တစ်ယောက်မှ ပါတာ မတွေ့ရဘူး ဟု ပြောသည်။

ရခိုင်ပြည်မှ NLD ပါတီဝင် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု နှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကိုလည်း ထောင်ဒဏ်လျှော့ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်အင်းစိန်ထောင်၊ ရမည်သင်းထောင်နှင့် တခြားသော အကျဥ်းထောင်များမှ လွတ်မြောက်လာသည့်အထဲတွင် စာရေးဆရာ ထင်လတ်ဦး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ ဦးနှင့် သာသနာရေးဝန်ကြီးသူရဦးအောင်ကို စသည့် နိုင်ငံရေးအကျဥ်းသားများ၊ သတင်းထောက်များ ပြန်လည်လွတ်မြောက်လာသည်ကို တွေ့ရသည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ဗမာ့လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် စစ်ကောင်စီမှ ဖမ်းဆီးထားသည့် မြန်မာတစ်နိုင်ငံတစ်ဝန်းလုံး၌ အကျဥ်းသား ၇၀၁၂ ဦး ပြန်လွတ်လာကြောင်း သိရသည်။

ရခိုင်တွင် နိုင်ငံရေးအကျဥ်းသားများအား စစ်ကောင်စီမလွှတ်ပေး

ထင်မြင်ယူဆချက်‌‌ပေးရန်