Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် တိုက်ခိုက်မှုများ ရပ်စဲထားပြီးနောက် စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှု နေ့တိုင်းနီးပါးဆက်တိုက် ပြုလုပ်နေ

စစ်ကောင်စီတပ်သည် ရခိုင်တွင် တိုက်ခိုက်မှုများ ရပ်စဲထားသည့် နေ့မှစ၍ နေ့တိုင်းနီးပါး စစ်အင်အားများ ဖြည့်တင်းလျက်ရှိနေသည်ကို တွေ့ရသည်။

ထိုသို့ စစ်အင်အားများ နေ့စဥ်ရက်ဆက် ဖြည့်နေခြင်းမှာ နောက်ထပ် တိုက်ပွဲများ ပြန်ဖြစ်လာစေရန် ပြင်ဆင်နေခြင်းအဖြစ်မြင်ကြောင်း ရခိုင်ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

“အပြစ်ရပ်တန့်ထားတယ်လို့သာပြောတာ စစ်ကောင်စီက နေ့တိုင်းပဲ စစ်ရေးလှုပ်ရှားမှုတွေလုပ်တယ်၊ စစ်အင်အား ဖြည့်တင်းတာတွေကို လုပ်နေတာ မြင်နေကြားနေရတယ်။ ဒါက ကျမတို့သိသလောက်ပြောရရင် စစ်ကောင်စီဟာ နောက်ထပ်တိုက်ပွဲတွေ ထပ်ဖြစ်အောင် ကြိုပြင်နေတယ်လို့ပဲ မြင်တယ်” ဟု မင်းပြားမြို့ ဒေသခံ တစ်ဦးက ၎င်းအမြင်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင့်တပ်တော်နဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က အပစ်ရပ်တန့်ထားပြီးကတည်းက ရခိုင်ပြည်ရှိ စစ်ကောင်စီတပ်နှင့် တပ်စခန်းများ အသီးသီးသို့ စားနပ်ရိက္ခာ၊ လက်နက်၊ စစ်သားအင်အားများကို တပ်ပိုင်နေဗီ၊ ဇက်၊ စစ်တပ်ပိုင်ကားများဖြင့် နေ့တိုင်း ပို့ဆောင် ဖြည့်တင်းလျက်ရှိနေသည်။

အများဆုံးတွေ့ရသည်မှာ စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းမှ စစ်ကောင်စီစစ်တပ်ပိုင်နေဗီများဖြင့် ရိက္ခာနှင့် စစ်သားများ အပြည့်တင်ဆောင်ကာ ကျောက်တော်မြို့၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော ဒေသဖက်သို့ နေ့တိုင်းနီးပါး နေဗီ ၁ စီးမှ ၅ စီးလောက်ထိ သွားလာပို့နေသည်ကို တွေ့ကြောင်း မျက်မြင်များကပြောသည်။

“မနေ့ကလည်း ၂ စီး၊ ဒီနေ့လည်း နောက်ထပ် ၁ စီးပါ၊ ရိက္ခာတွေ အပြည့်ပါ၊ ဆန်၊ စားသုံးဆီ၊ စက္ကူဖာဘူးတွေ၊ အိတ်အသေးတွေနှင့်ထုတ်ထားတဲ့ ရိက္ခာကတော့ လက်နက်ခဲယမ်းတွေနှင့်တူပါတယ်။ နေ့တိုင်းပါပဲ သွားနေတာ။ ” ဟုပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်က စစ်တွေ ရွှေမင်းဂံဆိပ်ကမ်းမှ စစ်ကောင်စီ နေဗီ ၁ စီး ကျောက်တော်ဖက်သို့ ရိက္ခာ အပြည့်ဖြင့် ထွက်သွားကြောင်းသိရသည်။

၎င်းအပြင် စစ်ကောင်စီတပ်က ပိတ်ထားခဲ့သည့် ကားလမ်းများကို ပြန်လည်ဖွင့်ပေးထားသော်လည်း စစ်တွေ-ပုဏ္ဏားကျွန်းကြားရှိ အဝေးပြေးလမ်းမပေါ်တွင် သွားလာလျက်ရှိသည့် စစ်ကောင်စီတပ်သားများသည် လမ်းသွား လမ်းလာ ကား၊ ဆိုင်ကယ်၊ သုံးဘီးများပါ အိတ်များကို ဖောက်ဖွင့်စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့မှ ဒေသခံများ ပြောပြချက်အရ သိရသည်။

ထို့အပြင် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းကို ပြည်သူပိုင် စက်လှေနှင့် ရေယာဥ်များအား ပြေးဆွဲခွင့် ပိတ်ပင်ထားပြီး စစ်ကောင်စီပိုင် သင်္ဘောတစ်ခုသာ သွားလာခွင့်ပေးထားသည်။

ရခိုင်တွင် တိုက်ခိုက်မှုများ ရပ်စဲထားပြီးနောက် စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှု နေ့တိုင်းနီးပါးဆက်တိုက် ပြုလုပ်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ