Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် စပါးရိတ်သိမ်းစရိတ် မနှစ်ကထက် ၁ ဆခန့်မြင့်တက်နေ

ရခိုင်ပြည်တွင် စပါးရိတ်သိမ်းစရိတ်ဈေးနှုန်းများ မနှစ်ကထက် ၁ဆခန့်ပိုမိုမြင့်တက်လာသဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသည့် လယ်သမားများ အခက်အခဲဖြစ်နေကြရကြောင်း သိရသည်။

ကောက်ဦးစပါးများစတင်ရိတ်သိမ်းချိန် ယခုနိုဝင်ဘာလတွင် စပါးရိတ်သိမ်းစရိတ်ဈေးနှုန်းမှာ ၁ဧကကို ၆၅၀၀၀ ကျပ် ပေးနေကြရသည် ။

ဈေးနှုန်းမြင့်တက်ရခြင်း အဓိကအကြောင်းရင်းမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့်ဟု မြောက်ဦးမြို့ကန်စောက်ကျေးရွာမှ စပါးရိတ်စက်ပိုင်ရှင် ဦးမောင်စိုးယဉ်က ABNကိုပြောသည်။

“ဒီနှစ် စပါးတွေ လိုအပ်တဲ့ မိုးရေလုံလုံလောက်လောက် မရခဲ့ဘူး။ မြေသြဇာကလည်း ဈေးကြီးတော့ လိုအပ်သလောက် မသုံးနိုင်တော့ စပါးမကောင်းတဲ့ကြားထဲ စီထရန်မုန်တိုင်းကြောင့်

ခုတော့ ပိုပျက်စီးသွားပြီ။ ဒီကြားထဲစပါးရိတ်ခစဈေးတက်နေပြန်တယ်။ ဝမ်းစာတောင်မှန်ပါတော့မလား မသိဘူး” ဟု မြေပုံမြို့နယ်မှလယ်သမား တစ်ဦးဖြစ်သည့် ဦးသိန်းကျော်က ABNကို ပြောဆိုသည်။

မနှစ်ကမြေဆီတစ်အိတ်ကို ၄၅၀၀၀ သာရှိခဲ့သော်လည်း ယခုနှစ်မှာ ၁ သိန်းအထိဈေးတက်လာခဲ့သဖြင့် လယ်သမားအများစုမှာ မြေသြဇာစရိတ်မတတ်နိုင်ဖြစ်ပြီး လိုအပ်သည့်ပမာဏထက် တဝက်လောက်သာသုံးနိုင်ကြသောကြောင့် လယ်သမားတိုင်လိုလို စပါးအထွက်နှုန်းအရင်နှစ်များကလို ကောင်းမှာမဟုတ်ကြောင်း မင်းပြားမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

“ဒီနှစ်က မိုးက မကောင်း၊ မြေဆီက မနိုင်၊ သည်ကြားထဲ မုန်တိုင်းကလည်း တိုက်လိုက်သေးတယ်။ စပါးသိမ်းမယ်ကြံတော့လည်း ရိတ်ခက ဈေးအရမ်းမြင့်နေပြန်တယ်။ ဒီနှစ်ကတော့ လယ်သမားတွေ ထမင်းငတ်မယ့်ကိန်းပဲ” ဟုပြောသည်။

ရခိုင်တွင် စပါးစိုက်ဧက စုစုပေါင်း၁၂သိန်းခန့်ရှိသည့်အနက် ယခုနစ်၂၀၂၂နှစ်တွင်၉သိန်းခန့်သာ စိုက်ပျိုးခဲ့သည်ဟု တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

အောက်တိုဘာ၂၄ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့သော စီထရန်မုန်တိုင်းကြောင့် လယ်သမားများမှာ တပူပေါ်နှစ်ပူဆင့်ဆိုသလို စပါးပင်များ ယိုင်လဲပျက်စီးပြီး လယ်ကွင်းများအတွင်း ဆားငန်ရေများဝင်ရောက်၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ကြရသည်။

ရခိုင်တွင် စပါးရိတ်သိမ်းစရိတ် မနှစ်ကထက် ၁ ဆခန့်မြင့်တက်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။