Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် စပါးစျေး မနှစ်ကထက် ပိုရနေသော်လည်း လယ်သမားများအရှုံးပေါ်နေကြရဆဲ

ရခိုင်ပြည်တွင် လယ်သမားများမှာ စပါးစျေး ယခင်နှစ်များထက် စျေးပိုရနေသော်လည်း အမြတ်မရရှိဘဲ အရှုံးနှင့်သာ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း တောင်သူလယ်သမားများကပြောသည်။

ရခိုင်တွင် စုစုပေါင်း စပါးစိုက်ဧက ၁၂ သိန်းကျော်ရှိသည့်အနက် ယခုနှစ်တွင် စပါးစိုက်ပျိုးမှု ဧက ၉ သိန်းခန့်သာစိုက်ပျိုး လုပ်ကိုင်ခဲ့ကြရပြီး စပါးအထွက်နှုန်းများလည်း မနှစ်ကထက် လျော့နည်းကြောင်း စုံစမ်းသိရှိရသည်။

စပါးအထွက်နှုန်းမှာ ပုံမှန်တစ်ဧကကို ၅၄ ဗူးဝင် စပါးတောင်း ၁၆၀ မှ ၂၀၀ အထိရရှိကြသော်လည်း ယခုနှစ်တွင် တစ်ဧက စပါးအထွက်နှုန်းမှာ စပါးတောင်း ၉၀ မှ ၁၂၀ အထိသာရရှိကြောင်း လယ်သမားများကဆိုသည်။

“ပုံမှန်ဆိုရင် တစ်ဧကကို စပါးတောင် ၁၆၀ကနေ ၂၀၀ လောက်ထိ ထွက်တယ်။ ဒီနှစ်က မိုးလည်းမကောင်းတော့ စပါးအထွက်နှုန်း အရမ်းလျော့ကျသွားတယ်။ စပါးတောင်း ၉၀ ကနေ ၁၂၀ လောက်သာရတယ်” ဟု ကျောက်တော်မြို့နယ် စဖိုသားရွာမှ တောင်သူ ဦးသိန်းဝေက ABN ကိုပြောသည်။

လက်ရှိကာလ စပါးပေါက်စျေးမှာ ပေါ်ဆန်းမွှေးနှင့်တခြား တခြားစပါးကြီးမျိုးဆိုလျှင် ၅၄ ဗူးဝင် စပါးတောင်း ၁၀၀ကို ၅သိန်းကျော်အထိ စျေးရနေပြီး ၊မနောသုခ ၊ရွှေဝါထွန်းနှင့် သီရိဒုံ စသော စပါးချေမျိုးဆိုလျှင် ၃သိန်းကျော်မှ ၄သိန်းအထိ စျေးပေါက်နေကာ မနှစ်ကထက်စျေးပိုပေးနေရကြောင်း ယမန်နှစ်က ပေါ်ဆန်းမွှေးတောင်း ၁၀၀ ကို ၃သိန်းကျော် ၄သိန်းနှင့် စပါးချေမျိုးဆိုလျှင် ၂သိန်းမှ ၃သိန်းအထိသာ စျေးပေးဝယ်နေရကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာ နိုင်ဆန်စက်ပိုင်ရှင် ဦးစိုးနိုင် ကပြောဆိုသည်။

“ဒီနှစ်ကတော့ ဈေးကြီးပေးဝယ်နေရတယ်။ ဆန်အရည်အသွေးလည်း မနှစ်ကလောက် မကောင်းဘူး။ မနှစ်ကဆိုရင် ပေါ်ဆန်းမွှေး တောင်း ၁၀၀ ကိုမှ ၃ သိန်းကျော် ၄ သိန်းကြားမှာဝယ်ရတယ်။ ဒီနှစ်ကတော့ ၅ သိန်းလောက်ထိ ပေးဝယ်နေရတယ်။ တခြားဆန်တွေလည်း ဒီအတိုင်းပဲ ဈေးအကုန်တက်တယ်” ဟု ပြောသည်။

စပါးစျေးမှာ ယခင်နှစ်များနှင့် နှိုင်းစာလျှင် စျေးတက်နေသည်ဟု ဆိုနိုင်သော်လည်း လယ်သမားအများစုမှာ မနှစ်ကထက် မြေဆီ မြေသြဇာစျေးမြင့်တက်မှုနှင့် မိုးရွာသွန်းချိန် မိုးရေ လုံလောက်စွာ မရရှိမှုတို့ကြောင့် စိုက်ပျိုးမှု ကုန်ကျစရိတ်များပြားခြင်း၊ စပါးများပျက်စီးကာ စပါးအထွက်နှုန်းလျှော့ကျခြင်းများကြောင့် ယခင်နှစ်များလောက် တွက်ခြေမကိုက်ဘဲ အရှုံးနှင့်သာ ရင်ဆိုင်နေရကြောင်း တောင်သူများက ပြောသည်။

“ဒီနှစ် မြေသြဇာစျေးက တအားထိုးတက်သွားတာ ၊ မနှစ်ကမြေဆီတစ်အိတ်ကို ၄သောင်းကျော် ၅သောင်းပဲရှိတာ ဒီနှစ်က ၁သိန်းကျော်အထိ စျေးတက်သွားတော့ မြေသြဇာစရိတ်တောင် မနှစ်ကထက် ၁ ဆလောက်ပိုကုန်သွားတာ၊ ဒီကြားထဲ စပါးကမိုးမမှန်လို့ အထွက်နှုန်းနည်းတယ်၊ စပါးစျေးတက်လည်း စိုက်ပျိုးတဲ့ စရိတ်နှုတ်လိုက်ရင် ဘာမှမကျန်ဘူး” ဟုမြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သည့် ဦးဆန်းတင်မောင်က ABN ကို ပြောဆိုသည်။

စပါးရိတ်သိမ်းခ ကုန်ကျစရိတ်မှာလည်း မနှစ်က တစ်ဧကကို ၃သောင်းကျော် ၄သောင်း ရှိရာမှ ယခုနှစ်တွင် စက်သုံးဆီစျေးနှုန်းမြင့်တက်မှုကြောင့် စပါးရိတ်သိမ်းခ ၆သောင်းကျော်မှ ၇ သောင်းနီးပါးအထိ ကောက်ခံနေရကြောင်း စပါးရိတ်သိမ်းစက်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးမောင်စိုးယဥ် ပြောပြချက်အရသိရှိရသည်။

ရွှေဝါထွန်း၊ မနောသုခ၊ အိန္ဒိယချေ စသောစပါးချေအများဆုံးထွက်ရှိရာ ရသေ့တောင်၊ ဘူးသီးတောင်ဖက်တို့တွင်လည်း ပြီးခဲ့သည့် စက်တင်ဘာလက တိုက်ခတ်ခဲ့သော စီထရွန်မုန်တိုင်းကြောင့် လယ်ယာမြေများအတွင်း ဆားငန်ရေများ ၀င်ရောက်ကာ စပါးပင်များပျက်စီးသွားခြင်းကြောင့် စပါးအထွက်နှုန်းလျှော့နည်းသဖြင့် စပါးဈေး ယခင်နှစ်များထက် ပိုရနေသော်လည်း လယ်သမားများမှာ အမြတ်မရဘဲ အရှုံးသာရှိကြကြောင်း ရသေ့တောင်မှ တောင်သူ တစ်ဦးက ပြောသည်။

“ဒီနှစ်စပါး ဧက ၁၂၀၀ လောက်လုပ်တာ မိုးကမမှန် ဒီးကြားထဲ စီထရွန်မုန်တိုင်း၀င်တော့ စပါးတွေဆားငံရေ၀င်ပြီး ဧက ၄၀၀ လောက်က အကုန်ပျက်စီးသွားတာ စပါးစျေးတက်လည်း အရင်းကိုရမှာမဟုတ်ဘူး ဒီနှစ်က ရောင်းဖို့စပါးမရဘူး မိသားစု ဝမ်းစာလောက်ပဲ ရလိုက်တယ်”ဟု ရသေ့တောင်မြို့နယ် အောင်ဆိပ်ရွာမှ လယ်သမားတစ်ဦးက ABN ကို ပြောသည်။

ရခိုင်ဆန်စပါး လုပ်ငန်းရှင်များအသင်းကလည်း ယခုနှစ်တွင် စပါးအထွက်နှုန်းနည်းပါးခြင်းကြောင့် ဆန်စပါးများမှာ ရခိုင်ပြည်တွင်းလောက်သာ ဖူလုံမှုရှိမှာဖြစ်ပြီး ပြည်မဖက်နှင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်မှာ မဟုတ်ကြောင်း ABN သို့ ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။