Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များချိုးဖောက်မှုရှိနေခြင်းကြောင့် တိုက်ပွဲဖြစ်လာနိုင်ကြောင်း ဝါရင့် နိုင်ငံရေးသမားများ သုံးသပ်

ရခိုင်တွင် စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များချိုးဖောက်မှုရှိနေခြင်းကြောင့် တိုက်ပွဲဖြစ်လာနိုင်ကြောင်း ဝါရင့် နိုင်ငံရေးသမားများ သုံးသပ်

AB News – နိုဝင်ဘာ ၃ ရက်

လူသားချင်းစာနာ ထောက်ထားရေး နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထားသည့် AA နှင့် စစ်ကောင်စီတို့ကြား ကတိကဝတ်တစ်ချို့အား ချိုးဖောက်လာလျှင် စစ်ပွဲသို့ ဦးတည်လာနိုင်ကြောင်း ဝါရင့် နိုင်ငံရေးသမား နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ကြားတွင် နားလည်မှုဖြင့် ယာယီအပစ်အခတ်ရပ်စဲထားသည့် ကာလ၌ ၂ ဦး နှစ်ဖက် ဖမ်းဆီးထားသည့် သူများကို အပြန်အလှန်လွှတ်ပေးဖို့ ကတိကဝတ် ရှိခဲ့သော်လည်း စစ်ကောင်စီက ထိုကတိကဝတ်ကို ပျက်ကွက်ခဲ့ခြင်း၊ နောက်ထပ်ဖမ်းဆီးမှုကိုပြုလုပ်လာခြင်းနှင့် စစ်ကောင်စီမှ ULA/AA ၏တရားရုံး၊ အုပ်ချုပ်ရေးယန္တရားများကို ဝင်ရောက်နှောက်ယှက်မှုများပြုလုပ်လာသည့်အတွက် တိုက်ပွဲသို့ဦးတည် သွားနိုင်မည်ဖြစ်ကြောင်း ဦးဖေသန်းက AB News သို့ ပြောသည်။

“လက်ရှိအခြေအနေအရဆိုရင်တော့ ULA/AA နဲ့ မြန်မာစစ်ကောင်စီတပ်တို့ကြားမှာ နားလည်မှုနဲ့အပစ်အခတ်ရပ်စဲထားကြတယ်၊ ဟိုဖက်ဒီဖက်အပြန်အလှန်လွှတ်ပေးဖို့ကတိကဝတ်တွေလည်းရှိတယ်၊ တရားစွဲဆိုထားတာတွေလည်းလွှတ်ပေး​ဖို့ ကတိကဝတ်တွေရှိခဲ့တယ်၊ လက်ရှိမှာတော့ စစ်ပွဲမဖြစ်၊ လက်နက်ကြီးတွေမပစ် ဆိုတာကတော့မှန်တယ်၊ သို့သော်လည်း ဖမ်းထားတဲ့သူတွေကို လွှတ်ပေးဖို့ ၁၀၀ ကျော်လောက်ကျန်သေးတယ်၊ ယင်းအပြင် နောက်ထပ်လည်းဖမ်းနေသေးတယ်၊ ULA/AAရဲ့တရားရေး၊ အုပ်ချုပ်ရေးဖက်တွေကိုလည်း ဝင်ပြီးနှောင့်ယှက်တာတွေ၊ ဝိုင်းဝန်းတာတွေကိုလည်းတွေ့ရပါတယ်၊ နောက်ရှမ်းမြောက်မှာလည်း တိုက်ပွဲဖြစ်နေတဲ့အခါ ဒီအကျိုးဆက်တွေကြောင့်ရခိုင်ပြည်ဖက်မှာ လည်းကူးလာနိုင်တယ် ” ဟု ဆိုသည်။

ထို့အပြင်၂ ဖက်တိုက်ပွဲဖြစ်လာလျှင် စစ်ကောင်စီမှ လေကြောင်း၊ ရေကြောင်း၊ အထိုင်စခန်းများမှ လက်နက်ကြီးများပစ်ခတ်မှုကို အဓိကသုံးလာမည်ဟု ခန့်မှန်းထားသည့်အတွက် ပြည်သူများသည်အနီးအနားရှိ ရွာပြင်တို့တွင် ၅အိမ်တစ်စု ခိုလုံနေထိုင်ရန်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးငယ်များကို ရွှေ့ပြောင်းထားစေလိုသည့်အပြင်စားနပ်ရိက္ခာများစုဆောင်းထားရန် လိုအပ်​သည်ဟု ဆက်ပြောသည်။

“စစ်ကောင်စီ ကုန်းကြောင်းတပ်တွေကတော့ အရင်လည်းမတိုက်နိုင်ခဲ့ဘူး၊ အခုလည်းတိုက်နိုင်မယ့်အခြေအနေမရှိဘူး၊ သူတို့က ကုန်းကြောင်းတပ်တွေကိုအားကိုးမှာမဟုတ်ဘူး၊ အထိုင်စခန်းတွေက လက်နက်ကြီးနဲ့ ပစ်နိုင်တယ်၊ လေယာဥ်နဲ့ပစ်​နိုင်တယ်၊ တပ်ရင်း၊တပ်ဖွဲ့နဲ့ နေဗီတွေကလှမ်းပစ်နိုင်တယ်၊ အဓိကတော့ ရွာသားတွေကိုပစ်မယ်၊ AA ကိုအငြိုးတွေနဲ့ပေါ့၊ ယခင်းလည်ပြည်သူတွေကိုပစ်ခဲ့တယ်၊ တိုက်ပွဲတစ်စုံတစ်ရာဖြစ်လာရင် ရွာသားတွေအနေနဲ့ မနီးမဝေးမှာရှောင်နေတာတွေ၊ ၅ အိမ်တစ်စု၊ ဆယ်အိမ်တစ်စု တဲထိုးပြီးနေတာတွေလုပ်ရမယ်၊ အထူးသဖြင့် သက်ကြီး ရွယ်အိုနဲ့ မိန်းကလေးတွေကို အပြင်ကိုပို့ထားရမယ်၊ ဆန်ရိက္ခာတွေ စုဆောင်းဖို့လိုတယ်၊ ပြီးတော့ သန်မာတဲ့ယောင်္ကျားတွေက ရွာကိုတတ်နိုင်သလောက်ကာကွယ်ဖို့လိုတယ်၊ သူတို့လက်နက်ကြီးတွေပစ်ရင် မီးလောင်မှုတွေ ထင်းကြွင်း မီးကျန်တွေ ရှိမလားဆိုတာလည်း စောင့်ကြည့်နေရမှာဖြစ်တယ်” ဟုဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပြောဆိုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ နေ့မှစပြီး ယနေ့ထိ ညီနောင်မိတ်သုံးဖွဲ့အပါအဝင် တစ်ခြားပူးပေါင်းမဟာမိတ်အဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ အပြင်းအထန်ဖြစ်ပွားနေလျက်ရှိပြီး စစ်ကောင်စီဖက်မှ အကျအဆုံးများပြားလာခြင်းကြောင့် ရခိုင်ဖက်သို့ စစ်မျက်နှာပွင့်လာနိုင်ကြောင်း တွေ့ရသည်။

ရခိုင်တွင် စစ်မျက်နှာပြန်ပွင့်လာလျှင် ပြည်သူများထိခိုက်မှုများစွာရှိလာနိုင်ခြင်း၊ စစ်ကောင်စီမှ မတရားဖမ်းဆီးမှုပြုလုပ်လာနိုင်ခြင်း နှင့်

အခက်အခဲများဖြင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် နိုင်ငံရေး သမားတစ်ဦးက AB News သို့ပြောသည်။

“စစ်မျက်နှာပြန်ပွင့်လာရင်တော့ ပြည်သူတွေအများကြီးထိခိုက်သွားမယ်၊ သူတို့တွေက မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ ထောင်ချတာတွေလုပ်လာမယ်၊ ဒါကသူတို့ထုံးစံပေါ့၊ တစ်ဖက်မှာလည်း ပြည်သူတွေကိုခြိမ်းခြောက် မုဒိန်းကျင့်တာတွေ၊ ညှင်းပမ်း နှိပ်စက်တာတွေ ပြုလုပ်လာနိုင်တယ်၊ အခုကရှမ်းမြောက်ဖက်တွေမှာ ဖြစ်နေတဲ့ တိုက်ပွဲက တကယ်ပြင်းထန်တယ်၊ စစ်ကောင်စီဖက်က ကျဆုံးများပြားလာတာတွေ့ရတယ်၊ ဒီအငြိုးတွေနဲ့ ဖြစ်လာနိုင်ခြေရှိတယ် “ဟု ဆိုသည်။

ရခိုင်ပြည်တွင်းတွင် အပစ်အခတ်ရပ်စဲထားသည့် ၁၁ လကျော်ကာလအတွင်း စစ်ကောင်စီတပ်သည် လက်နက်အင်အား၊ တိုက်ခိုက်ရေးအင်အားနှင့် စားနပ်ရိက္ခာများကို ကုန်းကြောင်း၊ ရေကြောင်းများဖြင့် ရခိုင်ပြည်အနှံ့ဖြည့်တင်းနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ