Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်တွင် ကျောင်းသူ ကျောင်းသားများ စာဖြေချိန်လည်း လျှပ်စစ်မီးမရ၊ လျှပ်စစ်မီးအချိန်ပြည့်ပေးရန် မိဘများတောင်းဆို

ABN- ရှိုင်းမိုး

လက်ရှိ ရခိုင်ပြည် တစ်ပြည်လုံးတွင် ကျောင်းသား၊ ကျောင်းသူများ နောက်ဆုံး စာမေးပွဲဖြေဆိုနေချိန်ဖြစ်သော်လည်း လျှပ်စစ်မီးမရဖြစ်နေ၊ လျှပ်စစ်မီးပေးရန် ကျောင်းသားမိဘများက လျှပ်စစ်မီး အချိန်ပြည့်ပေးရန် တောင်းဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစ၍ ၁၀ တန်းစနစ်သစ်ကို စစ်ဆေးနေပြီဖြစ်ကြောင့် ကျောင်းသား၊ ‌ကျောင်းသူများ စာဖတ်ချိန်တွင် မီးပုံမှန်မရောက်သောကြောင့် စာမေးပွဲဖြေဆိုနေချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အခက်တွေ့နေရ၍ မီးပုံမှန်ပေးရန် ကျောင်းသားမိဘများက လိုလားနေကြကြောင်း ပြောသည်။ ။

“အခု က‌လေးတွေစာစစ်နေတဲ့ အချိန်မှာ မီးပုံမှန်ရောက်စေချင်ပါတယ်၊ ညဖက်ဆိုရင်ကလေးတွေ စာလုပ်ပါတယ်၊ အဲဒီအချိန်ဆိုရင်မီးက ပျက်နေတယ်၊ မနေ့ကဆိုရင်လည်း ၉ နာရီရှိပြီ၊ မီးမရောက်သေးဘူး၊ ဖယောင်းတိုင်မီးနှင့်က အဆင်မပြေကြပါဘူး၊ ကျွန်တော်တို့ အများကြီးလည်း မတောင်းဆိုပါဘူး ကလေး‌တွေစာစစ်နေတဲ့ အချိန်လေးတော့ မီးပုံမှန်ရောက်စေချင်ပါတယ်” ဟု စစ်တွေမှ ၁၀တန်း စနစ်သစ်ဖြေဆိုနေသည့် ကျောင်းသားတစ်ဦး၏ဖခင် ကိုနိုင်ကြီးမှပြောသည်။

ကျောင်းသား ကျောင်းသူများ စာမေးပွဲ ဖြေဆိုချိန်တွင် လျှပ်စစ်မီး အချိန်ပြည့်မပေးသော်လည်း ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်ကောင်စီ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဦးထိန်လင်းတို့ မြို့နယ်များသို့ လျှောက်လည်သည့်နေ့က အချိန်ပြည့် လျှပ်စစ်မီး ပေးထားခဲ့သည်။

လျှပ်စစ်မီးကို နေ့တိုင်း အချိန်ပြည့် မပေးချင်လျှင်လည်း ကျောင်းသူ ကျောင်းသားများ စာမေးပွဲ ဖြေချိန်တွင် လျှပ်စစ်မီး အချိန်ပြည့် ပေးစေလိုကြောင်း နောက်ထပ် ပုဏ္ဏားကျွန်းမြို့နယ် ကျောင်းသား မခင်တစ်ဦးက ပြောသည်။

“ကျမမှာ သားက ၈ တန်း သမီးက ၅ တန်းပါ။ သူတို့တွေ ညဖက် စာကျက်ချိန်လေးတော့ မီးပေးစေချင်ပါတယ်။ မီးက လူအိပ်ချိန်မှ လာတော့ ကျမတို့က ဘာလုပ်လို့ ရတော့မှာလဲ။ ပြီးရင် မီးမရတာက စာကျက်တာ တစ်ခုတည်းမဟုတ်ဘူး အစစ အရာရာအတွက်ပါ အရေးပါတာပါ။ မီးပုံမှန် ပေးလို့ရပါလျက်နဲ့ မီးဖြတ်ထားတာကတော့ မဖြစ်သင့်ပါဘူး” ဟု ပြောသည်။

လျှပ်စစ်မီးဖြတ်ရန် EPC မှမြို့နယ်အလိုက် သတ်မှတ်ထားသော်လည်း သတ်မှတ်ချိန်အတိုင်း မီးပုံမှန် မပေးသည်ကို တွေ့ရသည်။

“မီးက ထမင်းချက်ချိန်လည်း ပုံမှန်မရောက်ပါဘူး၊ သူတို့က မီးရောက်ဖို့အချိန်ကို သတ်မှတ်ပေးထားပါတယ်၊ ဒါပေမယ့် မီးရောက်တဲ့ အချိန်လည်း မီးကမရောက်ပါဘူး၊ တနေ့ ၅နာရီ မီးတောင်ပုံမှန်မ‌ရောက်ပါဘူး” ဟု ပုဏ္ဏားကျွန်းမြိုမှ နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တွင် လျှပ်စစ်မီး တနေ့လျှင် ၁၀ နာရီကျော်ထိ မီးဖြတ်ခံထားရပြီး လျှပ်စစ်မီး ပေးသည့်အချိန်တွင်လည်း ၁ မိနစ် ၁ ကြိမ် ၁၀ မိနစ်ခန့် တကြိမ်စီ မကြာခဏ မီးဖြတ်လေ့ရှိသည်ကို တွေ့ရသည်။

ဓာတ်ပုံ Credit-WWF

ရခိုင်တွင် ကျောင်းသူ ကျောင်းသားများ စာဖြေချိန်လည်း လျှပ်စစ်မီးမရ၊ လျှပ်စစ်မီးအချိန်ပြည့်ပေးရန် မိဘများတောင်းဆို

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ