ABN-ကိုဟိန်းထွန်း
ယမန်နေ့က မြောက်ဦးရှိ စစ်ဘေးရှောင်များအား စောင်နှင့် ဆပ်စပ်ပစ္စည်းများ ထောက်ပံ့ညီညီခဲ့စဥ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာဆာဆာကာဝါက ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စစ်ဘေးရှောင်များအား ပြောကြားခဲ့ကြောင်း သိရသည်။
ဒေါက်တာဆာဆာကာဝါသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လည်က မြောက်ဦးသို့ ရောက်ရှိလာပြီး မြောက်ဦးရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ကာ စစ်ဘေးရှောင်များနှင့် စကားပြောဆိုခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်များအား နေရပ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာဆာဆာကာဝါအနေဖြင့် စစ်ဘေးရှောင်များ၏ ဘဝကို ကိုယ်ချင်းစာကြောင်းနှင့် ကိုယ့်ရပ် ကိုယ်အိမ်တွင် အေးချမ်းစွာ နေထိုင်ကာ လုပ်ကိုင် စားသောက်နိုင်အောင် ကူညီသင့်သည်များကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မြောက်ဦးမြို့ဦးဂေါင်းစစ်ဘေးရှောင်စခန်းမှ မလှအေးက ABN သို့ပြောသည်။
“ဒုက္ခသည်တွေကိုလည်း ကိုယ်ချင်းစာပါတယ်၊ ဒါကြောင့်သူကူညီနိုင်တဲ့ နေရာကကူညီဖို ကိုယ့်နေရာမှာ ကိုယ် အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်ခွင့်ရဖို့အတွက်ကိုလည်း ကူညီသင့်တာတွေကိုကူညီပေးသွားမယ်၊ ညှိနှိုင်းလို့ရမယ့်အခြေအနေတွေရှိရင်လည်း ညှိနှိုင်းပေးမယ်လို့ ပြောခဲ့ပါတယ်” ပြောသည်။
ထိုအပြင် ဒေါက်တာ ဆာဆာကာဝါသည် သူရဲ့ငယ်ဘဝဖြစ်စဥ်တွေကိုလည်း ၎င်းစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များအား ပြောပြခဲ့သည်။
ထို့အပြင် ဒေါက်တာဆာဆာကာဝါသည် ဒုတိယကမ္ဘာစစ်အတွင်းက ၎င်း၏ မိခင်နှင့်အတူ စစ်၏ ဒဏ်ကို ခါးသီးကြောက်ရွံ့စွာ ခံစားခဲ့ရကြောင်းနှင့် သူ၏ မျက်စီရှေ့တင်တွင် တောင်ပုံကဲ့သို့ သေနေသည့် လူသေအလောင်းကို မြင်ခဲ့ဖူးရ၍ စိတ်ဘေးရှောင်များ၏ ဘဝကို စာနာကြောင်း ပြောခဲ့သည်။
“ကျွန်တော်တို့ ဒုတိယကမ္ဘာစစ်တုန်းက စစ်ဒဏ်ရဲ့ ကြောက်ရွံ့မှုကိုခံစားခဲ့ရတယ်၊ လူတွေအများကြီး ကျွန်တော်တို့ မျက်စိရှေ့မှာ တောင်လိုပုံပြီးသေနေကြတယ်၊ ကျွန်တော်တို့ သားအမိနှစ်ယောက်ကို သေပြီလို့ မှတ်ထားခဲ့တဲ့ကြားက အသက်ရှင်ခွင့်ရလာတာပါ။ ပြီးတော့ ထမင်းစားစရာမရှိလို့ မြက်ကိုအရည်ကြိုပြီး အသက်ဆက်ခဲ့ရတယ်” ဟု ပြောခဲ့ကြောင်း ဆက်ပြောသည်။
ထို့အတူ မြောက်ဦးမြို့ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်များနှင့် တွေ့ခဲ့စဥ်လည်း ဒေါက်တာဆာဆာကာဝါသည် ၎င်း၏ ငယ်ဘဝ ဒုတိယကမ္ဘာစစ်တွင်းက အတွေ့အကြုံများကို ပြောကြားခဲ့ပြီး စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ပြောခဲ့ကြောင်း မြတန်ဆောင်းဆရာတော်က မိန့်သည်။
“ဒေါက်တာဆာဆာကာဝါက သူ့ငယ်ဘဝကအကြောင်းတွေကို ပြောခဲ့တယ်။ နောက်ထပ် စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ အကူအညီတွေကိုလည်း ကူညီသွားမယ်လို့ ပြောခဲ့တယ်” ဟု ဆရာတော်က မိန့်သည်။
ဒေါက်တာဆာဆာကာဝါဦးဆောင်သည့် နီပွန်ဖောင်ဒေးရှင်းသည် ရခိုင်ရှိ စစ်ဘေးရှောင်များအား ဆန်ရိက္ခာများ ထောက်ပံ့ပေးထားလျက်ရှိပြီး ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ရပ်တန့်ရန် ကြားဝင် ညှိနှိုင်းပေးခဲ့မှုကြောင့် ၂ ကြိမ်တိုင် ရခိုင်ပြည်တွင်း တိုက်ပွဲများ ရပ်တန့်ခဲ့သည်။
ဓာတ်ပုံ-ကိုဝင်းအောင်










