Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်က သတင်းမီဒီယာများ အကျပ်အတည်းများကြားမှ သတင်းရေးနေကြရ

ရခိုင်က သတင်းမီဒီယာများ အကျပ်အတည်းများကြားမှ သတင်းရေးနေကြရ

ABN-ရှိုင်းမိုး

ယနေ့ မေလ ၃ရက်နေ့သည် နှစ် ၃၀မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှ စ၍ ယနေ့အချိန်ထိ သတင်းဌာနများနှင့် သတင်းထောက်များမှာ အကန့်အသတ်၊ ခြိမ်းခြောက်မှုနှင့် အကျပ်အတည်းများကြားမှ ရှင်သန်ရပ်တည်ကာ သတင်းရေးသား ဖော်ပြနေကြရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက် ၁၅၀ကျော်ဖမ်းဆီးထောင်ချခံထားရပြီး၊ ၄ ဦးသတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။

၎င်းအပြင် သတင်းဌာန ၁၃ ခုအပိတ်ခံထားရကြောင်းလေ့လာတွေ့ရှိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့သတင်းသမားများဖိနှိပ်ခံရမှုအဆိုးဝါးဆုံးထဲတွင် တတိယမြောက် နိုင်ငံဖြစ်သည်ဟု သတင်းသမားများ ကာကွယ်‌ရေးကော်မတီ CPJ ကလွန်ခဲ့သည့် ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိ ရခိုင်ပြည်ထဲ၌ သတင်းထောက်များ သတင်းရယူရာတွင် အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်နေကြရလျက်ရှိနေသည်။

သတင်းထောက်များသည် စစ်အုပ်ချုပ်ရေးကောင်စီ၏ ဌာနဆိုင်ရာများမှ သတင်းရယူရန်လိုအပ်သည့်အခါ သတင်းဌာနများ၏ သတင်းမေးမြန်မှုများကို ဖြေဆိုမှု မရှိခြင်းနှင့် ခြိမ်းခြောက်မှုခံရခြင်းများရှိနေကြောင်း ရခိုင်အခြေစိုက် DMG သတင်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုဇော်ဇော်က ပြောသည်။

“သတင်းထောက်တွေဆီက တစ်ဆင့်ကြားရတာ ရှိပါတယ်၊ သတင်းယူရတာမှာအခက်ခဲရှိတာတွေ၊ ဌာနဆိုင်ရာတွေ့နဲ့ သတင်းမေးတဲ့အချိန်မှာ သူတို့က သတင်းဌာနကလူတွေဆိုရင်မဖြေပေးဘူးဆိုတာတွေ၊ ဒီလိုအခက်ခဲတွေလည်းရှိတယ်လို့သတင်းထောက်တွေဆီကတဆင့် သိရပါတယ်၊ လက်ရှိ နိုင်ငံရေးအရကြည့်ရမယ်ဆိုရင် သတင်းထောက်တွေအနေနဲ့လည်း အန္တရာယ်များပါတယ်၊ တခါတလေ သတင်းသမားတွေက ခြိမ်ခြောက်ခံရတာတွေလည်းရှိပါတယ်” ဟုဆိုသည်။

ထို့အပြင် ရခိုင်တွင် သတင်းဌာနများနှင့် သတင်းသမားများမှာ လျှို့ဝှက်စွာဖြင့် သတင်းများကို ရယူ ရေးသားနေရသည့် အခြေအနေတွင် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ ပြောရမယ်ဆိုရင် အခုလက်ရှိ ပေါ်ပေါ်ထင်ထင်လုပ်လိုရတဲ့အနေအထားမှာမရှိပါဘူး၊ အမှန်တော့ သတင်းသမားဆိုတာ အစိုးရကိုယ်တိုင်အသိမှတ်ပြုပေးရမှာ၊ အခုက သူတို့ကိုယ်တိုင် ပိတ်ပင်ထားတာကိုတွေ့ရတယ်၊ မြန်မာ တစ်နိုင်ငံလုံးအနေနဲ့ ခြုံပြီးပြောရမယ်ဆိုရင် သတင်းသမားလွတ်လပ်ခွင့်ဟာလုံးဝမရှိဘူး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းလည်း သတင်းထောက်ပေါင်း ၁၅၀ကျော်လောက်ဖမ်းဆီးခံထားရတာရှိပါတယ်၊ အဲဒီအထဲမှာ အသတ်ခံလိုက်ရတဲ့ သတင်းထောက်တွေလည်းရှိတယ်” ဟုပြောသည်။

ရခိုင်ပြည်ထဲတွင် သတင်းထောက်များ သတင်းယူမှုသည် လွတ်လပ်ခွင့်မရှိသည့်အပြင်၊ သတင်းယူမှုများကိုလည်း ကြောက်နေကြရသည်ဟုသိရသည်။

ရခိုင်ပြည်သည် ULAနှင့် စစ်ကောင်စီ တို့နှစ်ဖက် အုပ်ချုပ်နေသည့် အခြေနေမှာရှိနေသောကြောင့် သတင်းရေးသားတဲ့အခါ နှစ်ဖက်လုံးကို ကြောက်နေကြရသည်ဟု ရခိုင်ပြည်ထဲမှ အမည်မဖော်လိုသည့် သတင်းထောက်တစ်ဦးက ပြောသည်။

“ရခိုင်ပြည်ထဲက သတင်းထောက်တွေ သတင်းယူရတာက လွတ်လပ်ခွင့်မရှိဘူး၊ အခုက ရခိုင်ပြည်ကို နှစ်ဖက်လုံးအုပ်ချုပ်နေကြတဲ့ အခြေနေမှာရောက်နေတယ်၊ ဒါကြောင့် သတင်းထောက်တွေ သတင်းရေးသားတဲ့အခါလည်း နှစ်ဖက်လုံးကိုကြောက်နေရတယ်၊ သတင်းထောက်တစ်ဦးရဲ့ လွတ်လပ်ခွင့်ဟာ ဘယ်အခြေအနေမှာမဆို အပြည့်အဝရှိရမယ်၊ ပြီးတော့ ပြည်သူတွေနဲ့ နှစ်ဦးနှစ်ဖက်လုပ်ပိုင်ခွင့် ပြောပိုင်ခွင့်ရှိပါတယ်၊ သတင်းသမားများက ကိုယ်ကျိုးအတွက် လုပ်နေကြတာတဲ့သူတွေလည်းမဟုတ်ဘူး၊ ပြီးတော့ သတင်းထောက်တွေက အမှန်တရားကိုဖော်ထုတ်ပေးနေကြတာ ဖြစ်တဲ့အတွက် လွတ်လပ်ခွင့်အပြည့်ဝရှိသင့်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်ထဲမှ သတင်းဌာနများဖြစ်ကြသည့် DMG၊ Western News၊ Narinjara၊ BNA စသည့် သတင်းဌာနများနှင့် ထိုသတင်းဌာနများထဲမှ သတင်းထောက်အချို့ကိုလည်း အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားသောကြောင့် သတင်းထောက်များသည် ဝရမ်းပြေးအဖြစ်ဖြင့် သတင်းရေးသားနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ