Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင့်ရှေးဟောင်းသမိုင်းဝင် မြောက်ဦးမြို့တွင် စွန့်ပစ်အမှိုက်များ စုပြုံနေသည်ကို တွေ့ရ

ရခိုင့်ရှေးဟောင်းသမိုင်းဝင် မြောက်ဦးမြို့တွင် စွန့်ပစ်အမှိုက်များ စုပြုံနေသည်ကို တွေ့ရ

ABN-နွယ်စိုး

ရခိုင်ပြည်၏ ရှေးဟောင်းမြို့တော်ဖြစ်သော မြောက်ဦးမြို့တွင် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှုများနှင့် စည်ပင်က ပုံမှန် အမှိုက်သိမ်းမှုမရှိသည့်အတွက် မြို့တွင်း နေရာအချို့တွင် အမှိုက်များ စုပြုံရှိနေသည်ကို တွေ့ရသည်။

အမှိုက်များစုပြုံနေသည့် နေရာများမှာ သင်္ဘောဆိပ်ကမ်း၊ စန္ဒမုနိဘုရားလားလမ်း၊ နန်းရာကုန်း၊ ပြန်ကြားရေးရုံးဘေး၊ ကုန်သည်တန်း၊ မြင်းခုံတန်းလမ်း၊ အင်းပေါက်ဝဆီဆိုင်၊ ‌‌ရွှေသဇင်ဟိုတယ်၊ မြောက်ဦးခရိုင်ဆောက်လုပ်ရေးရုံ၊ ရှေးဟောင်းအမွေမြောက်ဦးမြို့သာလီစွပါအမျိုးရို့ဟု ဆိုင်းဘုတ်ဘေးအနီးများအပါအဝင် မင်္ဂလာမန်အောင်ရထားလမ်းတို့နှင့် ဗန္ဓုလတံတားအောက်တို့တွင် ဖြစ်ကြောင်း တွေ့ရသည်။

၄င်းအပြင် ဆိုးဆိုးဝါးဝါး အမှိုက်စုပြုံထားသည့်နေရာများမှာ ဗန္ဓုလတံတားအောက်၊ ရွှေသဇင်ဟိုတယ်၊ မင်္ဂလာမန်‌အောင်ရထားလမ်းနှင့် သင်္ဘောဆိပ်ကမ်းတို့ဖြစ်ကြောင်း တွေ့ရသည်။

မင်္ဂလာမာန်အောင်ရထားလမ်းဘေးနှင့် ဗန္ဓုလတံတားအောက်များတွင် မြောက်ဦးစည်ပင်ကိုယ်တိုင် လာရောက် အမှိုက်စွန့်ပစ်မှု ရှိနေကြောင်း မြောက်ဦးမြို့ခံ တစ်ဦးက ပြောသည်။

‘’ပက်ပက်စက်စက်ကို ပစ်ထားတာပါ၊ မင်္ဂလာမန်အောင်ရထားလမ်းဘေးနဲ့ ဗန္ဓုလတံတားအောက်မှာဆိုရင် ပက်ပက်စက်စက်ကို ပုံထားတာ၊ ဦးလေး တစ်ခါဆိုရင် ဘုံးဘီးနဲ့ အဲဒီနားက ဖြတ်လာတော့ မြို့ထဲကို ရောက်တဲ့အထိ ယင်ဟောင်တွေက လိုက်လာတယ် ၊အစတော့ အမှိုက်တွေကို မင်္ဂလာမန်အောင်ရထားလမ်းတောင်အနီးဂျိုင်မှာ ပုံပါတယ်၊ အခုတော့ လမ်းဘေးမှာ ပုံထားပါတယ်၊ စည်ပင်က လာယူဖို့မပြောနဲ့ စည်ပင်က ကိုယ်တိုင် အဲဒီနားကို မြောက်ဦးမြို့တစ်မြိုလုံး၏ ရှိသမျှအမှိုက်တွေကို လာပစ်တာပါ ‘’ ဟု သုံးဘီးမောင်းသူ တစ်ဦးက ABNသို့ ပြောသည်။

မြောက်ဦးမြို့နယ် စည်ပင်ရုံးကလည်း အမှိုက်များကို အချိန်မှန်လာရောက် သိမ်းဆည်းမှုမရှိကြောင်း နောက်ထပ် မြောက်ဦးမြို့ခံ ၁ ဦးက ပြောသည်။

“စည်ပင်တွေက အချိန်မှန် လာမယူပါဘူး၊ ရခိုင်မှာဆိုရင် မြောက်ဦးမြိုက အထင်ရှားဆုံး ရှေးဟောင်းမြို့တစ်မြို့ပါပဲ အခုလိုတော့ မစုပုံထားသင့်ပါဘူး ၊လူတိုင်းနေစဥ်နဲ့အမျှ အသက်ရှုနေတဲ့ လမ်းကြောင်းတွေမှာလည်း ကျန်းမာရေးနဲ့ ပတ်သက်လို့ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့ အရာတွေဖြစ်စေနိုင်ပါတယ်၊ ဒါ့ကြောင့် စနစ်တကျမဟုတ်ဘဲ စမ်းကမ်းမဲ့ စွန့်ပစ်နေတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပတ်ဝန်ကျင်းထိန်းသိမ်းရေးဆိုတဲ့ စည်ပင်အဖွဲ့အစည်းက လာရောက်ယူပြီးရင် လူတွေနဲ့ ဝေးတဲ့ နေရာတွေ့မှာ စွန့်ပစ်ပြီး မီးရှို့ဖို့လိုအပ်ပါတယ်‘’ ဟု ထမရစ် ရပ်ကွက်မှ ‌ဒေသခံတစ်ဦးက ABNသို့ပြောကြားသည်။

ထို့အပြင် မြောက်ဦးမြို့တွင်းရှိ တူးမြောင်းများတွင်လည်း အိမ်သာပိုက်များ တိုက်ရိုက် ချထားသည့်အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ရေမသန့်ရှင်းမှုတို့ ဖြစ်နေသည်ကို တွေ့ရသည်။

မြောက်ဦးမြို့နေ ပြည်သူများမှာလည်း အမှိုက်များကို စနစ်တကျ စွန့်ပစ်မှု မရှိဘဲ စည်းကမ်းမဲ့ အဆင်ပြေသလို ပစ်နေကြသည့်အတွက် တန်ဖိုးရှိသည့် ရှေးဟောင်း အမွေအနှစ်များကိုပါ ထိခိုက်မှုရှိနေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ