သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်အမျိုးသမီးများအား လိင်အသားပေးပြောဆိုမှုများအပေါ် ကန့်ကွက်ရှုတ်ချသင့်ကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူများပြော

AB News – မတ် ၃၊ ၂၀၂၆

ရက္ခိုင်တွင် အမျိုးသမီးသမီးများအား ကာဣန္ဒြေ‌ထိပါးကာ လိင်အသားပေး ပြောဆို၊ စနောက်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသင့်ကြောင်း ရက္ခိုင်လူမှုရေးတက်ကြွလှုပ်ရှားသူများက ဆိုသည်။

ရက္ခိုင်အဆိုတော် တနင်္ဂနွီ အပါအဝင် အမျိုးသား ၄ ဦးမှာ ကိုသက်(Ko Thet) ဖေ့စ်ဘုတ်ခ်လူမှုကွန်ရက် စာမျက်နှာမှ “ရက္ခိုင်အမျိုးသမီးတွေဟာ ချစ်ဖို့ကောင်းသလို စားဖို့လည်း ကောင်းတယ်။ အဲမှာတစ်ကွက်” ဟု ရက္ခိုင်အမျိုးသမီးအပေါ် လိင်အသားပေး စနောက်ပြောဆိုထားသည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှံ့နေ သည်။

အဆိုပါဗီဒီယိုဖိုင်ထဲ ပြောဆိုထားသည့် စကားလုံးများသည် အမျိုးသမီးများအားစော်ကားသည်ဟု သတ်မှတ်ကာ ရက္ခိုင်အသိုင်းအဝိုင်းတွင် ဝေဖန်မှုများ မြင့်တက်နေသည်။

ထိုသို့ အမျိုးသမီးများအပေါ် စနောက်ပြောဆိုခြင်းမှာ ပျက်လုံး(ဟာသ) တစ်ခုမဟုတ်ဘဲ ရက္ခိုင်ပြည်ရှိ အမျိုးသမီးများအပေါ် ကာဣန္ဒြေထိပါးကာ လိင်အသားပေးပြောဆိုနေခြင်းဖြစ်ကြောင်း ရက္ခိုင်အမျိုးသားတစ်ဦးက AB News သို့ ပြောသည်။

“ဒါလိုမျိုး စနောက်တာတွေကို ဟာသ တစ်ခုလို မမြင်စေချင်ပါဘူး။ ဒါဟာ အမျိုးသမီးတွေအပေါ် လိင်အသားပေးပြီး စော်ကားတာဖြစ်ပါတယ်။ ဒီလိုမျိုး အပြုအမူတွေဟာ အမျိုးသမီးထုအတွက် အရမ်းအန္တရာယ်ကြီးသလို ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ ဖိုဝါဒကြီးစိုးနေတုန်းဆိုတာကို ထင်ဟပ်စေပါတယ်။ ဒီလိုမျိုး လုပ်တာတွေကို ကျနော်တို့ပြည်သူတွေအနေနဲ့ ကန့်ကွက်ရှုတ်ချသင့်ပါတယ်” ဟု ဆိုသည်။

အနာဂတ်မျိုးဆက်သစ်ကလေးများကို လက်ဆက်ကမ်းမည့် အမျိုးသမီးထုအပေါ် ခွဲခြားဆက်ဆံနှိမ့်ချသည့် ဓလေ့ထုံထမ်းများကို ပယ်ဖျက်သင့်သကဲ့သို့ ဒေသတွင်း အသိပညာပေးဟောပြောမှုများ လုပ်ဆောင်သင့်ကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဗီဒီယိုထဲ မြင်ရသလောက်ဆို သူတို့ပြောစကားအရ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို နှုတ်နဲ့ ကျူးလွန်တယ်လို့ မြင်တယ်။ ပုံမှန်ပဲ လို့ ‌တွေးပေမယ့် ကျမတို့ အမျိုးသမီးတွေဘက်က ကြည့်ရင် ဒါဟာ အမျိုးသမီးတွေကို မလေးစားရာ‌ရောက်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီလိုလူတွေရှိတယ်။ အမျိုးသမီးဆိုရင် ငါတို့ ဒီလို စလို့ရတယ်၊ နောက်လို့ရတယ်ဆိုပြီး လမ်းမှာ အမျိုးသမီးတစ်ယောက် တွေ့ရင်‌တောင် လိုက်ပြီး စနောက်တာမျိုးတွေ့ရတယ်။ ကြုံလည်း ကြုံဖူးတယ်။ ဒါကို အသက်မပြည့်သေးတဲ့ ကလေး‌တွေ မြင်ပြီး အတုယူ တစ်ပုံစံထဲ လိုက်လုပ်တာတွေလည်း ရှိတယ်။ လက်ရှိ နေရာတိုင်းလိုလို အမျိုးသမီး‌တွေကို နှိမ့်ချစော်ကားတဲ့ နှုတ်ထွက်စကားတွေနဲ့ စနောက်ပြောဆိုနေကြတာကို ဓလေ့လိုမျိုး ခံယူတဲ့ သူတွေ ရှိတယ်။ ဒါကြောင့် အခုဗီဒီယိုထဲကလို စနောက်တာမျိုးက လက်သင့်ခံစရာမရှိသလို တခြားက‌လေးတွေ အတုယူတာမျိုး မဖြစ်ရ‌အောင်လည်း အသိပညာပေးမှုတွေ အများကြီးလုပ်ဖို့လိုပါတယ်။ ကိုယ့် တစ်ယောက်ထဲအမြင်နဲ့ ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုကြီးတွေဟာ ဒီလို အမျိုးသမီးတွေဆိုရင် ငါတို့ ပြောချင်သလိုပြောလို့ရတယ်။ သူတို့က ငါတို့ထက်တစ်ဆင့်နိမ့်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိမှုကနေ သန္ဓေတည်လာတာလို့ မြင်ပါတယ်” ဟု ပြောသည်။

ရက္ခိုင်အဆိုတော်တစ်ဦးအနေနှင့် အမျိုးအမီးများအပေါ် လိင်အသားပေးပြီး နုတ်ဖြင့် စော်ကားမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အခြားလူငယ်အမျိုးသမီးက ဆိုသည်။

“ရက္ခိုင်ပြည်က အဆိုတော်တစ်ဦးဖြစ်နေပြီး ရက္ခိုင့်အမျိုးသမီးတွေကို နှုတ်နဲ့ စော်ကားတာကို ရှုတ်ချသင့်တယ်လို့မြင်ပါတယ်။ သူတို့အပျော်သဘောဆိုပြီး အမျိုးသမီးတွေအပေါ် နှုတ်စည်းမစောင့်တာကို ဘယ်လိုမှ လက်ခံလို့မရပါဘူး” ဟု ဆိုသည်။

Gender သင်တန်းပြဆရာ တစ်ဦးက “အစကတည်းက Sexual Harassment လို့ ခေါ် တဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကား နှောက်ယှက်တဲ့ ကိစ္စတွေက မြေပြင်မှာ အများကြီး ဖြစ်ပွားလျက်ရှိနေဆဲ အနေအထားမှာ ဒီရုပ်သံကို ကြည့်မိတဲ့ အမျိုးသမီးအများစုအနေနဲ့ကလည်း ရယ်စရာလို့မြင်မှာထက် မလုံခြုံမှုကိုဘဲ တိုးပြီး ခံစားရမှာလို့ပဲ မြင်ပါတယ်။ Online ပေါ်မှာ ရက္ခိုင်စကားနဲ့ ဒီလိုပြောင်ပြောင်တင်းတင်း ပြောရဲလာကြတာကလည်း ပပွက်ဆူတို့၊ Bos Bos Mi K Style တို့လို့ အမျိုးသမီးတွေကို ပြောင်သလိုလို ပျက်သလိုလိုနဲ့ လိင်အသားပေး သီဆိုထားတဲ့ ရခိုင်သီချင်းတွေကို များလာပြီး အများသူငါ ရှေ့မှောက်မှာပါ အတားအဆီးမရှိ ဖွင့်နေကြတာတွေနဲ့ အများကြီးသက်ဆိုင်နေပါတယ်” ဟု ပြောသည်။

ယခင်စစ်ကော်မရှင်လက်ထက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၉ တွင် “မည်သူမဆို အမျိုးသမီးတစ်ဦးရဲ့ ကာယိန္ဒြေ‌ကို စော်ကားဖို့ ကြံရွယ်ပြီး ပြောဆိုတာ၊ အသံပြုတာ၊ ကိုယ်အမူအရာကိုပြတာ (သို့) အရာဝတ္ထုတစ်ခုကို ပြသခြင်းဖြင့် ထိုအမျိုးသမီးကို မြင်စေဖို့ ကြံရွယ်လျှင် ထိုသူကို တစ်နှစ်အထိ အလုပ်လက်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ဖော်ပြထားသည်။

သို့သော်လည်း စစ်ကော်မရှင်၏ အမျိုးသမီးများအပေါ် ကာကွယ်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များမှာ ရက္ခိုင်ပြည်အတွင်း အသက်ဝင်မှုနည်းပါးခဲ့ပြီး အခွင့်အရေးချိုးဖောက်ခံရသည့် အမျိုးသမီးအများအပြားရှိကြောင်း သိရသည်။

လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရလက်ထက်တွင် ဒေသတွင်းအမျိုးသမီးများအပေါ် ကာကွယ်သည့် ဥပဒေများ ပြဌာန်းပေးရန် ဒေသခံအမျိုးသမီးများ တောင်းဆိုနေကြသည်။

ဓာတ်ပုံ – Facebook (Ko Thet)

AB_News #ရက္ခိုင် #အမျိုးသမီး #လိင်အသားပေးပြောဆိုမှု #ကန့်ကွက်ရှုတ်ချ #လူမှုရေးတက်ကြွလှုပ်ရှားသူ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ