Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ရှိ မြို့နယ် ၇ ခု၊ မြို့  ၂ ခုနှင့် ပလက်ဝဒေသတို့ကို ရက္ခိုင့်တပ်တော် သိမ်းပိုက်ထား၊ ကျန်ရှိနေသည့် စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေ

ရက္ခိုင်ရှိ မြို့နယ် ၇ ခု၊ မြို့  ၂ ခုနှင့် ပလက်ဝဒေသတို့ကို ရက္ခိုင့်တပ်တော် သိမ်းပိုက်ထား၊ ကျန်ရှိနေသည့် စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေ

Arakan Bay News
မတ်လ ၁၂ ရက်၊ ၂၀၂၄

ရက္ခိုင်တွင် တိုက်ပွဲစဖြစ်သည့် ၄ လတာ ကာလအတွင်း ရက္ခိုင့်တပ်တော်သည် မြို့နယ် ၇ ခု၊ မြို့ ၂ ခုနှင့် ပလက်ဝဒေသတို့ကို အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိသည့် မြို့နယ် ၁၀ ခုလုံးတွင် အာဏာသိမ်းစစ်ကောင်စီတပ်အား ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှစပြီး ရက္ခိုင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပလက်ဝဒေသ၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ မြို့နယ်များကို ရက္ခိုင့်တပ်တော်က အပြီးတိုင် အနိုင် သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ရက္ခိုင့်တပ်တော်၏ မတ်လ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ အတည်ပြုနိုင်သည်။

ထို့အပြင် ရက္ခိုင်ပြည် မြောက်ပိုင်း၊ ဘင်္ဂလာ-ရက္ခိုင် မောင်တောမြို့နယ်ရှိ နယ်စပ်မြို့ ဖြစ်သည့် တောင်ပြိုမြို့၊ ရက္ခိုင်ပြည် တောင်ပိုင်း တောင်ကုတ်မြို့နယ်ရှိ မအီမြို့နှင့် ပလက်ဝဒေသတို့ကို  ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိထားပြီးဖြစ်ကာကျန်ရှိနေသေးသည့် မြို့နယ် ၁၀ ခုတွင်လည်း ရက္ခိုင့်တပ်တော်သည် အကြမ်းဖက် စစ်ကောင်စီတပ်အား ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

“ရက္ခိုင်ဒေသအတွင်းရှိ လက်နက်ချ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်” ဟု ထပ်မံ အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ပလက်ဝဒေသရှိ စစ်ကောင်စီစစ်စခန်း၊ ဗျူဟာများကို အပြီးသတ်သိမ်းပိုက်ခဲ့ကာ ပလက်ဝမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး
ဇန်နဝါရီလ ၂၀ရက်နေ့တွင် ပေါက်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၆ရက်နေ့တွင် မင်းပြားမြို့ကို လည်းကောင်း၊ ဖေဖော်ဝါရီလ ၇ရက်နေ့တွင် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့ကို လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် မြေပုံမြို့တို့ကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် ရက္ခိုင့်တပ်တော်က မတ်လ ၄ရက်နေ့တွင် ပုဏ္ဏား​ကျွန်းမြို့နှင့် ယမန်နေ့ မတ်လ ၁၁ရက်နေ့တွင် ရက္ခိုင်ပြည်တောင်ပိုင်းမှ ရမ်း​​ြဗဲမြို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်သည်။

ဖေဖော်ဝါရီလ ၆ရက်နေ့တွင် မောင်တောမြို့နယ်၊ တောင်ပြိုမြို့နှင့် ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ မအီမြို့ကို  ရက္ခိုင့်တပ်တော်က လက်ဝယ်သိမ်းပိုက်ရရှိခဲ့သည်။

လက်ရှိအချိန်တွင် ရက္ခိုင်ပြည်၊ မြောက်ပိုင်းမှ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့များရှိ စစ်ကောင်စီတပ်စခန်းများများအား သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်။

ဖေဖော်ဝါရီလ ၂၅ရက်နေ့မှ စတင်ကာ  တပ်မ ၂၂ လက်အောက်ခံ၊ ခမရ ၂၀၁ တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်နိုင်ရန် ယနေ့အချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီး စစ်ကောင်စီ၏ ခမရ ၅၅၂ တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၈ နာရီ ၃၅ မိနစ်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်၊ ညနေ ၇ နာရီခန့်မှစပြီး စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ တစ်ဆင့်မြှင့်ထိုးစစ်ကိုတိုးပြီး ဆက်လက်ဆင်နွှဲလျက်ရှိသကဲ့သို့ ယခင်ရက်များက ထိုးစစ်ပြုလုပ်နေသော နေရာအချို့၌လည်း ပုံမှန်ထိုးစစ်များအား ဆက်လက်ပြုလုပ်နေ ခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည်။

ရက္ခိုင်ဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မနှောင်းခင် လက်နက် ချရန်၊ အလံဖြူထောင်ရန် ရက္ခိုင့်တပ်တော်က ထပ်မံသတိပေးထားပြီး စောစီးစွာ လက်နက်ချပါက စောစီးစွာ အသက်ရှင်ခွင့် ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ