Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်မှ မူဆလင်လူငယ်များကို စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် ရုပ်သံပေါ်ထွက်လာ

AB News-မတ်လ ၈၊ ၂၀၂၄

ရက္ခိုင်ပြည်ရှိ မူဆလင် ဒုက္ခသည်စခန်းများနှင့် မူဆလင်ရွာများမှ မူဆလင်လူငယ်များကို စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် ရုပ်သံတစ်ခု လူမှုကွန်ယက်တွင် ပေါ်ထွက်လာခဲ့သည်။

၎င်းရုပ်သံဖိုင်တွင် ရက္ခိုင်ပြည်နယ်/လုံ လာရောက်လည်ပတ်စဥ် ရိုက်ကူးထားခြင်းဖြစ်သည်ကို တွေ့ရပြီး၊ စစ်တွေမြို့နယ်၊ ဒေသကွပ် ကဲမှုစစ်ဌာနချုပ်ရှိ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ထဲတွင် မူဆလင် လူငယ် ၅၀၀ ခန့်ကို သင်တန်းပေးနေခြင်း ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရက္ခိုင်ပြည်၊ ကျောက်ဖြူ မြို့ ကျောက်တလုံးမူဆလင် ဒုက္ခသည်စခန်းမှ ဒုက္ခသည်လူငယ်အမျိုးသား ၁၀၇ ဦးတို့အား စစ်မှုထမ်းရန် အဓမ္မခေါ်သွားခဲ့သည်။

၎င်းတို့အား ကျောက်ဖြူမြို့အခြေစိုက် ခမရ ( ၅၄၂ )တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ခေါ်ယူသွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ မူဆလင် ကျေးရွာများမှ မူဆလင်များမှာလည်း စစ်မှုထမ်းရန် စစ်ကောင်စီ၏ မတရား ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ခံခဲ့ရကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့ ကျောက်တလုံး မူဆလင် ဒုက္ခသည်စခန်းမှာ မူဆလင် လူငယ် ၁၀ ဦးကျော်တို့မှာ စစ်ကောင်စီထံတွင် စစ်မှုမထမ်းလိုသည့်အတွက် ရက္ခိုင့်တပ်တော်တွင် ခိုလှိုလျက်ရှိကြောင်းလည်း ခိုင်လုံသတင်းရင်းမြစ်အရ သိရသည်။

ရက္ခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် ၎င်းတို့ ရက္ခိုင်ပြည်က စစ်ရှုံး၍ ထွက်ခွါစဥ် မူဆလင်များအား လက်နက်တပ်ဆင်ပေးကာ ရန်တိုက်ပေးရန် စီစဥ်နေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် မူဆလင် ခေါင်းဆောင်များထဲမှ တစ်ဦးက ABN သို့ပြောသည်။

“ဒီကောင်တွေ (စကစ) က ယုတ်မာတယ်။ ရက္ခိုင်ကို သူတို့ လက်လွှတ်ရတော့မယ်ဆိုတာ သဘောပေါက်နေလို့ ခုလိုတွေ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖန်တီးဖို့ လုပ်နေတာဖြစ်တယ်။ သူတို့က ရက္ခိုင်က ထွက်ရတော့မယ်ဆိုတာ သိတယ်။ ရက္ခိုင်ဖြစ်ခဲ့တဲ့ ပဋိပက္ခတိုင်းဟာလည်း စစ်ကောင်စီက ဖန်တီးခဲ့တာပဲ။ အားလုံးကို စနစ်တကျသူတို့ (စကစ) ပဲ ဖန်တီးခဲ့တာ။ ဒါကို ယုံပြီးတော့ လိုက်လုပ်နေရင်တော့ ကျနော်တို့ မူဆလင်တွေရဲ့ အနာဂတ်က မတွေးဝံ့စရာပဲ” ဟု သုံးသပ်ပြောဆိုသည်။

ရက္ခိုင်တွင် စစ်ကောင်စီသည် မြို့နယ်တိုင်းတွင် ပတ်လည် ဝိုင်းရံ ပိတ်ဆို့ကာ တိုက်ခိုက်ခံနေရသည့် အနေအထားဖြစ်ပြီး ပြန်လည်ခုခံချေပနိုင်ရန် အခြေအနေကင်းမဲ့နေသည်ကိုလည်း တွေ့ရသည်။

တိုက်ပွဲ စဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စပြီး စစ်ကောင်စီသည် ပေါက်တော၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မအီ၊ တောင်ပြို၊ ပလက်ဝဒေသများကို အလုံးစုံ လက်လွှတ်ဆုံးရှုံးထားရပြီး၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တောမြို့များမှာလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိနိုင်ရန် လမ်းတစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း AA ၏ထုတ်ပြန်ချက်များအရ သိရသည်။

ရုပ်သံဖိုင်-စစ်ကောင်စီရက္ခိုင်နယ်လုံ မူဆလင်များအား စစ်သင်တန်းပေးနေသည့် အဆောင်သို့ လာရောက်စဥ် ရိုက်ကူးထားသည်ကို တွေ့ရစဥ်/CJ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ