Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်မြောက်ပိုင်း ဘူးသီးတောင်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည်စ ထိမှန်ပြီး အမျိုးသား ၁ဦးထိခိုက်ဒဏ်ရာရရှိ

ရက္ခိုင်မြောက်ပိုင်း ဘူးသီးတောင်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည်စ ထိမှန်ပြီး အမျိုးသား ၁ဦးထိခိုက်ဒဏ်ရာရရှိ

AB News- ဒီဇင်ဘာလ ၃၁၊ ၂၀၂၃

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက် ညနေအချိန်တွင် ရက္ခိုင်မြောက်ပိုင်း ဘူးသီးတောင် ခမရ ၅၆၃ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AB News မှ စုံစမ်းသိရှိရသည်။

ကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သူမှာ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာက ဦးမောင်စိန်ထွန်း ၅၈ နှစ်ဖြစ်သည်။

ယမန်နေ့ညနေ ၈နာရီ ၁၅မိနစ်ခန့်တွင် ဘူးသီးတောင်အခြေစိုက် ခမရ ၅၆၃ တပ်ရင်းက ဘူးသီးတောင်မြို့နယ် ပြည်ရှည်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်သို့ ပြည်သူ့အသက်အိုးအိမ်များ ပျက်စီးရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များမှာ ​ပြင်ရှည်ရွာ ဘုန်းတော်ကြီးကျောင်းတွင် ၁လုံး၊ ရွာထဲတွင် ၆လုံးနှင့် ရွာပြင် လယ်ကွင်းများတွင် ၃လုံးခန့် ကျရောက်ပေါက်ကွဲခဲ့သည် ဟု သိရသည်။

လက်နက်ကြီးကျည်စထိမှန်ခဲ့သော ဦးမောင်စိန်ထွန်းသည် ဘုန်းတော်ကြီးကျောင်း၌ လာရောက် ပုန်းခိုနေစဥ် ဘုန်းတော်ကြီးကျောင်း၌ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီး ကျည်စမှာ ဦးမောင်စိန်ထွန်း၏ ညာဖက်တံတောင်ဆစ်အောက်ဖက်တွင် ထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံ ၁ဦးကပြောသည်။

“မနေ့က တိုက်ပွဲလည်း မဖြစ်ပါဘူး။ ဒီအတိုင်း စစ်ကောင်စီက လက်နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်ခတ်တာ။ ရွာသားတွေက ဘုန်းတော်ကြီးကျောင်းမှာ လုံခြုံတယ် ဆိုပြီးသွားကြတယ်။ ကျောင်းမှာ ပုန်းနေကြရင်း ကျောင်းကိုလက်နက်ကြီးကျပြီး ကျည်စက သူ့တံတောင်ဆစ်အောက်ကိုထိသွားတာပါ” ဟုဆိုသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲ သောကြောင့် ပြင်ရှည်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း အပါအဝင် နေအိမ်အချို့ပျက်စီးသွားပြီး ရွာသား ၁ ဦးပိုင် နွားခြံမှ နွား၂ကောင်လည်း သေဆုံးပြီး ၂ကောင်မှာ ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရှိရသည်။

ရက္ခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ယနေ့အချိန်ထိ ဘူးသီးတောင်မြို့နယ်၌ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၇ ဦးခန့်ရှိပြီဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ