Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်တွင်းရှိ မူဆလင်များအား စစ်ကောင်စီက စစ်ရေးအကျိုးအမြတ်အတွက် အသုံးချနေ

AB News – မတ်လ ၂၁၊ ၂၀၂၄

ရက္ခိုင်ပြည်တွင် လက်ရှိ စစ်ရေး၊ နိုင်ငံရေး မတည်ငြိမ်သည့် ကာလအတွင်း ရက္ခိုင်ပြည်တွင်းရှိ မူဆလင်များအား စစ်ကောင်စီက စစ်ရေးအကျိုးအမြတ်အတွက် အသုံးချလျက်ရှိနေသည်ကို တွေ့ရှိရသည်။

စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းပြီးနောက် ရက္ခိုင်ပြည်ရှိ မူဆလင်လူငယ်များကို အတင်းအဓမ္မဖမ်းဆီးကာ ရက်တိုစစ်သင်တန်းများ တက်ရောက်စေပြီး တိုက်ပွဲများအတွင်း ပါဝင်တိုက်ခိုက်ခိုင်းကာ အသုံးချလျက်ရှိသည့်အပြင် အတင်းအဓမ္မ ဆန္ဒပြခိုင်းနေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် ကျောက်ဖြူမြို့၊ ကျောက်တစ်လုံးမူဆလင်ဒုက္ခသည်စခန်းမှ လူငယ် ၁၀၇ဦးကို ကျောက်ဖြူမြို့ ခမရ ၅၄၂ တပ်ရင်းသို့ အဓမ္မယူဆောင်ကာ စစ်သင်တန်းတက်ခိုင်းခဲ့သည်။

ဖေဖော်ဝါရီလအတွင်း၌လည်း စစ်တွေမြို့နယ်မှ မူဆလင်လူငယ် ၁၀၀ ကျော်ကို စည်းရုံးသိမ်းသွင်းကာ စစ်သင်တန်းတက်စေပြီး စစ်ကောင်စီသည် စစ်ရေးကျွမ်းကျင်မှုမရှိသည့် အဆိုပါလူငယ်များအား အရှုံးနှင့်ရင်ဆိုင်နေရသည့် ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခဲ့သည်။

ရသေ့တောင်မြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၃၆၊ ခမရ ၅၃၇၊ ခမရ ၅၃၈ တပ်ရင်းများကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်စဉ် စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး စစ်ကောင်စီအဖွဲ့မှ လောလောလတ်လတ် စစ်သင်တန်းပေးထားသည့် မူဆလင်အချို့၏ အလောင်းများအား စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများနှင့်အတူ တွေ့ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ မတ်လ ၂၀ရက်နေ့တွင် ထုတ်ပြန်သည်။

တစ်ဆက်တည်းတွင် ပြီးခဲ့သည့် မတ်လ ၈ရက်နေ့က ရက္ခိုင်ပြည်ရှိ မူဆလင်ဒုက္ခသည်စခန်းများနှင့် မူဆလင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် ရုပ်သံဖိုင်များ၊ လက်နက်များကိုယ်စီကိုင်ပြီး ကားဖြင့် သွားလာနေသည့် ရုပ်သံဖိုင်များ လူမှုကွန်ယက်တွင် ပျံနှံ့ထွက်ပေါ်လာခဲ့ပြီး ထိုရုပ်သံဖိုင်တွင်ပါရှိသည့် တိုက်ခိုက်‌ရေး လက်နက်ကိုင် မူဆလင်လူငယ်များမှာ ပျော်ရွှင်နေသည်ကိုလည်း တွေ့ရသည်။

စစ်ကောင်စီအဖွဲ့က မူဆလင်များအား စစ်သင်တန်းပေးနေသည့်နေရာမှာ စစ်တွေမြို့နယ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရှိ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ထဲတွင်ဖြစ်ပြီး မူဆလင်လူငယ် ၅၀၀ခန့်အား ရက်တို တိုက်ခိုက်ရေး သင်တန်းပေးခဲ့ကြောင်း AB Newsမှ စုံစမ်းသိရှိရသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်ပြည်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်မြို့နယ်များရှိ မူဆလင်ကျေးရွာများမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းရန် မတရားဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု မြို့ခံများက အတည်ပြုပြောဆိုသည်။

လက်ရှိကာလ ယမန်နေ့ မတ်လ ၁၉ရက် ညနေပိုင်းအချိန်တွင်လည်း စစ်ရှုံးနေသည့်စစ်ကောင်စီသည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ရှိသည့် ရာနှင့်ချီသော မူဆလင်လူငယ်များအား အတင်းအဓမ္မ လူစု ဆန္ဒပြခိုင်းခဲ့သည်ဟု ဘူးသီးတောင်မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

“သူတို့(စစ်ကောင်စီ)က မူဆင်လင်တွေ ဆန္ဒပြဖို့ လာရမယ်လို့ ခေါ်တာရှိတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ပြောတော့ ကျနော်တို့လည်း ကြောက်ရွံပြီး သွားခဲ့တယ်။ မသွားရင် သူတို့က ဖမ်းဆီး၊ သတ်ဖြတ်မှာ အဲ့ဒါကြောင့် ကျနော်တို့ သွားခဲ့တယ်” ဟုဆိုသည်။

ရာနှင့်ချီသည့် မူဆလင်လူငယ်များ ဆန္ဒပြနေသည့် ရုပ်သံ၊ ဓာတ်ပုံမျာအား မတ်လ ၁၉ ရက်နေ့ ညတွင် စစ်ကောင်စီ၏ ဝါဒဖြန့်ဖေ့စ်ဘုတ်စာမျက်နှာ တစ်ခုဖြစ်သည့် “မေယုဟစ်တိုင်” မှ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

“AA ကို အလိုမရှိ”၊ “တိုက်ပွဲအလိုမရှိ”၊ “တိုက်ပွဲတွေ ချက်ချင်းရပ်”၊ “ဘူးသီးတောင်ကို ကာကွယ်ကြ”၊ “ကျွန်ုပ်တို့သည် ပြည်တွင်းစစ်ကို မလိုလားပါ၊ ဒီနေရာတွင် မည်သည့်စစ်ပွဲမှ မပြုလုပ်ရ” စသည့် စစ်ကောင်စီ၏ စီစဉ်မှုအောက်တွင် အဆိုပါဆိုင်းဘုတ်များကို ဆယ်ကျော်သက်အရွယ် လူငယ်များက ကိုင်ဆောင်ကာ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီအဖွဲ့က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှစ၍ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ဆန္ဒပြပြည်သူများကို အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်မှုများကို လက်ရှိအချိန်ထိ ပြုလုပ်နေသည့် ကြားမှ ထွက်ပေါ်လာသည့် ဆန္ဒပြမှုမှာ စစ်ကောင်စီက စီစဥ်၍သာ ဖြစ်သည်ဟု ရက္ခိုင်နိုင်ငံရေး လေ့လာသူ တစ်ဦးက ကောက်ချက်ချ ပြောသည်။

“အဲဒီဆန္ဒပြတဲ့ ဗီဒီယိုဖိုင်ကို စစ်ကောင်စီက တင်လာတာတွေ့ပါတယ်။ ဒါကတော့ စစ်ကောင်စီက အကွက်ကျကျ စီစဥ်တယ်ဆိုတာ သိသာပါတယ်။ စစ်ကောင်စီက ဘူးသီးတောင်၊ မောင်တောကို လက်လွှတ်ရမှာကို ကြောက်နေတယ်။ ဒါက နယ်စပ်ဒေသလည်း ဖြစ်တယ်။ ဒီတော့ သူတို့ စစ်ကောင်စီလုပ်နေကျအတိုင်း မူဆလင်တွေကို အသုံးချတာပဲ ဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

တစ်ခြား တစ်ဖက်တွင် စစ်ကောင်စီသည် ရက္ခိုင်ပြည်ရှိ မူဆလင် ကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခြင်းများဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိနေသည်။

ပြီးခဲ့သည့် မတ်လ ၁၈ရက်နေ့ နံနက် ၁ နာရီခန့်တွင် စစ်ကောင်စီက Jet Fighter ဖြင့် မင်းပြားမြို့နယ်၊ သာဒါမူဆလင် ကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အသက် ၁၈နှစ်အောက် ကလေး ၁၁ဦးအပါအဝင် ၂၂ဦး သေဆုံးခဲ့ရပြီး အသက် ၁၈နှစ်အောက် ၁၀ဦးအပါအဝင် ၂၉ဦးခန့် ဒဏ်ရာရရှိခဲ့ရသည်။

မတ်လ ၉ရက်နေ့ကလည်း စစ်ကောင်စီရေတပ်က မင်းပြားမြို့၊ ပိုက်သည်ရပ်ကွက်အား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ထိုရပ်ကွက်ထဲမှ မူဆလင်အမျိုးသမီး ၁ဦး ကျည်ထိမှန် သေဆုံးခဲ့ရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၂နာရီကျော် အချိန်တွင် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာနှင့် ကိုင်းတောရွာတို့အား စစ်ကောင်စီအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မူဆလင် ၁၀ ဦးကျော် ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ရသည်။

၂၀၁၇ ခုနှစ်က ရက္ခိုင်ပြည်တွင်းရှိ မူဆလင်များအား လူမျိုးတုံး သတ်ဖြတ်သည့် အရေးအခင်းမှာလည်း မြန်မာတပ်မတော် (ခေါ်) စစ်ကောင်စီက ၎င်းတို့၏ အကျိုးအမြတ်အတွက် အကွက်ကျကျ စီစဥ်ခဲ့ခြင်းဖြစ်ပြီး မူဆလင် ၆၀၀၀၀ ခန့်ထိ သေဆုံးခဲ့ရကြောင်း နိုင်ငံတကာ သုတေသနအဖွဲ့များအား အစီရင်ခံစားများ ဖော်ပြချက်အရ သိရသည်။

ထို့အပြင် မြန်မာတပ်မတော် (ခေါ်) စစ်ကောင်စီသည် မောင်တောခရိုင်ဒေသအတွင်းမှ မူဆလင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကို မီးရှုံ့ဖျက်ဆီးရုံမျှမက မူဆလင်အမျိုးသမီးများအား မုဒိန်းကျင့်မှုများကိုပါ ကျူးလွန်ခဲ့သည်။

မြန်မာတပ်မတော်၏ လူမျိုးတုံး သတ်ဖြတ်မှုကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်သို့ ၆၈၈၀၀၀ ခန့် ထွက်ပြေးခိုလှုံခဲ့ရပြီး လက်ရှိအချိန်ထိလည်း ဒုက္ခသည် စခန်းများတွင် ရှိနေရဆဲဖြစ်သည်။

၁၉၇၈ ခုနှစ်ခုနှစ်ကလည်း ဦးနေဝင်း အစိုးရ ဦးဆောင်သည့် မြန်မာတပ်မတော်၏ နဂါးမင်းစစ်ဆင်ရေးကြောင့် ဘူးသီးတောင်၊ မောင်တောဒေသများတွင် နေထိုင်သည့် မူဆလင် ၂ သိန်း ကျော်တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။

ထို့အပြင် ၁၉၉၂ ခုနှစ်ကလည်း မြန်မာ့တပ်မတော်၏ နှိပ်စက်မှုကြောင့် ရက္ခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသမှ မူဆလင် ၂ သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြရသည်။

ဘူးသီးတောင်မြို့တွင် ရက္ခိုင့်တပ်တော်အား ဆန္ဒပြရာမှာ စစ်ကောင်စီက မူဆလင်များကို ကြားခံအဖြစ် အသုံးပြုခြင်း ဖြစ်ပြီး၊ မူဆလင်များအနေဖြင့် နိုင်ငံရေးအရ အလွန်သတိထားဖို့ လိုအပ်ကြောင်း NUG အစိုးရ၏ လူ့အခွင့်အရေး ဝန်ကြီးဌာန လက်ထောက်ဝန်ကြီးဖြစ်သည့် ဦးအောင်ကျော်မိုးက ၎င်း၏ Twitter တွင် ပြောထားသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ