Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ဧပြီလ အစောပိုင်း ၃ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၆ဦးသေဆုံး၊ ၁၇ဦး ဒဏ်ရာရ
ရက္ခိုင်တွင် ဧပြီလ အစောပိုင်း ၃ရက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၆ဦးသေဆုံး၊ ၁၇ဦး ဒဏ်ရာရ

AB News – ဧပြီ ၃၊ ၂၀၂၄

ရက္ခိုင်တွင် ဧပြီလ ၁ရက်နေ့မှ ယနေ့ ၃ရက်နေ့ မနက်ပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၆ဦး သေဆုံးခဲ့ရပြီး ၁၈ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူများမှာ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ ကျား ၃ဦးနှင့် မင်းပြားမြို့နယ်၊ မြစ်နားရွာမှ မ ၃ဦးတို့ဖြစ်သည်။

ဒဏ်ရာရရှိသူ ၁၇ဦးထဲတွင် ကျား ၇ဦး၊ မ ၇ဦးနှင့် အမည်၊ ကျား၊ မ မသိသူ ၃ဦးပါဝင်ပြီး ၁၈အောက် ကျား ၁ဦးနှင့် မ ၁ဦးတို့ပါဝင်ပြီး ၎င်းတို့မှာ မင်းပြားမြို့နယ်မှ ၈ဦး၊ မြေပုံမြို့နယ်မှ ၃ဦးနှင့် ပေါက်တောမြို့နယ်မှ ၆ဦးတို့ ဖြစ်သည်။

ယနေ့ ဧပြီလ ၃ရက်၊ နံနက်အရုဏ် ၄နာရီကျော်အချိန်တွင် မင်းပြားမြို့နယ်၊ င/စရိုင်းချောင်းကျွန်း မြစ်နားကျေးရွာကို စစ်ကောင်စီအဖွဲ့က Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သားမိ ၂ဦးအပါအဝင် ၃ဦးသေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာရရှိခဲ့ရသည်။ ထို့အပြင် မြစ်နားကျေးရွာမှာ လူနေအိမ် ၈လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ ဧပြီလ ၃ ရက်နံနက်အရုဏ် ၄ နာရီ ကျော်တွင် ဂျက်ဖိုက်တာ ဖြင့် မြစ်နားရွာသို့ ဗုံး ၄ လုံး ကြဲချခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဂျက်တိုက်လေယာဥ်က ၂ ခေါက်လောက်ဝဲပါတယ်။ ရွာထဲကို ၂ လုံးပစ်ချထားခဲ့ပါတယ်။ အိမ်ထဲအိပ်နေတဲ့ သားမိ ၂ ယောက်ပွဲချင်း ပြီးသေသွားတယ်။ နောက်ထပ်တစ်ယောက်ကတော့ ဆေးရုံကိုသွားတဲ့လမ်းမှာ သေဆုံးသွားတယ်။ ဒဏ်ရာရာရတဲ့သူတွေလည်းများပါတယ်” ဟုဆိုသည်။

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီအဖွဲ့က ဧပြီလ ၂ရက် ညနေ ၅နာရီကျော်ခန့်အချိန်က Jet Fighter ၂စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မြို့ခံ ၃ဦး သေဆုံးခဲ့ရပြီး ၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ကမ်းထောင်းမြို့ကို Jet Fighter ၂စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြစ်နားတန်းရပ်ကွက်မှ မြို့ခံ ၁ဦးက ပြောသည်။

“မနေ့က Jet Fighter ၂စီးနဲ့ ၂ကြိမ် ဗုံးကြဲခဲ့တယ်။ ၅ နာရီ ၁၅မိနစ်မှာ တစ်ကြိမ်၊ ၅ နာရီ ၂၇ မိနစ်မှာ နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်။ မြို့ခံ ၃ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်” ဟု ဆိုသည်။

အဆိုပါနေ့တွင်ပင် ‌ပေါက်တောမြို့နယ်၊ ‌မော်ထုပ်ကြီးရွာကို စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ ပေါက်တောဒေသခံ ၆ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု ရွာသား ၁ဦးက ဆိုသည်။

“လက်နက်ကြီး ၆ လုံးပစ်ပါတယ်။ ၅ လုံးက လယ်ကွင်းမှာပေါက်ကွဲတယ်။ နောက်တစ်လုံးက ရွာထဲက စျေးအနီး ဓာတ်တိုင်ကြိုးမှာကျတယ်။ ဝါးနှီးထိုးနေတဲ့ ဇော်ဝင်းနိုင် ထိမှန်သွားတယ်။ လက်နက်ကြီးအသံကိုကြားပြီး စျေးကထွက်ပြေးလာတဲ့ လူ ၅ ယောက်ဒဏ်ရသွားတယ်” ဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁ရက်၊ ည ၁၂ နာရီကျော်အချိန်တွင် ဘူးသီးတောင်မြို့နယ်ရှိ ရွာမ(ရက္ခိုင်)ရွာကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က စီးနင်းဝင်ရောက်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်ရှိ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့‌တောင်မြို့တို့ကို ရက္ခိုင့်တပ်တော်ထံ လက်လွှတ်ဆုံးရှုံးလိုက်ပြီးနောက် ဆုံးရှုံးထားသည့် မြို့များကို နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ပြီးခဲ့နှစ် နိုဝင်ဘာ ၁၃ရက်နေ့မှ စတင်ခဲ့သည့် ရက္ခိုင်တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၁၁၁ဦး သေဆုံးကာ ၃၅၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သား ၂၉၂ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရက္ခိုင်တွင် ၂၀၁၈မှ ၂၀၂၀ ခုနှစ်အထိ တိုက်ပွဲကာလအတွင်း ထွက်ပြေးခဲ့ရသည့် စစ်ဘေးဒုက္ခသည် ၆၂၃၃၂ ခန့်ရှိပြီး ယခုတကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားသည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ၂၆၈၇၃၁ ခန့်အထိ ရှိလာကာ စုစုပေါင်းစစ်ဘေးဒုက္ခသည် ၃၃၁၀၆၇ ဦးအထိ ရှိလာကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ရက္ခိုင်တပြည်နယ်လုံးတွင် တိုက်ပွဲကာလအတွင်း စစ်တွေမြို့အပါအဝင် AA သိမ်းပိုက်ထားသည့် မြိုနယ် ၈ မြို့နယ်မှ စစ်ဘေးရှောင် ၃ သိန်းကျော်တိုမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေရပ်မပြန်နိုင်ဘဲ ဆက်လက် စစ်ဘေးရှောင်နေကြရဆဲဖြစ်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့အကူအညီများ လိုအပ်လျက်ရှိသည်။

လက်ရှိအချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်ရှိ မောင်တော၊ ဘူးသီးတောင်မြို့များနှင့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တည်ရှိရာ အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ရန် ရက္ခိုင့်တပ်တော်က အရှိန်မြင့်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို တွေ့ရသည်။

ရက္ခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ၏လက်ကျန်စစ်စခန်းများကို တစ်ရက်မျှရပ်နားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်က မတ်လ ၂၆ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ