Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် အချုပ်ခန်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အရပ်သားများအား ပစ်သတ် အလောင်းဖျောက်ခဲ့သည်ဟု အကြမ်းဖက်စစ်ကောင်စီဝန်ခံ

ရက္ခိုင်တွင် အချုပ်ခန်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အရပ်သားများအား ပစ်သတ် အလောင်းဖျောက်ခဲ့သည်ဟု အကြမ်းဖက်စစ်ကောင်စီဝန်ခံ

AB News-ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

ရက္ခိုင်ပြည် မြောက်ဦးမြို့တွင် နိုင်ငံတော်ကြည်ညိုပျက်စေမှု၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မများဖြင့် အချုပ်ခန်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အရပ်သား ၇ ဦးအား ဇန်နဝါရီလ ၂၃ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ် အလောင်းဖျောက်ခဲ့ကြောင်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ထွက်ဆို ဝန်ခံကြောင်း Arakan Bay News မှ စုံစမ်းသိရှိရသည်။

မြောက်ဦးမြို့ ဗဟိုကင်းရှိ အချုပ်ခန်း၌ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အရပ်သား ၇ ဦးအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့ခင်း ၂ နာရီကျော်က အဝတ်စဖြင့် မျက်နှာကို စည်းထားပြီး နောက်ပြန်ကြိုးတုတ်ထားကာ ဗုံးခိုကျင်းကမ်းပါးတွင် ဒူးထောက် ထိုင်စေ၍ ဦးခေါင်းနောက်စေ့မှ သေနတ်ဖြင့် ပစ်သတ်လိုက်ပြီး ဗုံးခိုကျင်းတွင် ပစ်ချထားခဲ့ကြောင်း ရက္ခိုင့်တပ်တော်တာဝန်ရှိသူများက စစ်ဆေးစဥ် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူး သိန်းထိုက်စိုးမှ ဝန်ခံ ထွက်ဆိုကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရစဥ် ပစ်သတ်ခံခဲ့ရသူများမှာ အဆိုတော် ကျော်ဇံဝေ (ခ) ဖိုးလပြည့်၊ သတင်းထောက် မြတ်သူထွန်း (ခ) ဖိုးသီဟ၊ ပြည့်စုံဝင်း၊ ကိုကိုညွန့်၊ ကျော်သိန်းဟန်၊ ဝင်းနိုင်၊ ကျော်ဝင်းလှိုင်တို့ ဖြစ်ပြီး ၎င်းတို့မှာ နိုင်ငံတော် ကြည်ညိုပျက်စေမှု ၅၀၅ (က) (ခ) နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားကြရသူများဖြစ်သည်။

၎င်းတို့အား မြောက်ဦးမြို့ထဲရှိ အကြမ်းဖက် စစ်ကောင်စီ၏ အမှတ် ၃၇၈ ခြေမြန်တပ်ရင်းတွင် မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ရဲခရိုင်မှူး ဒုတိယ ရဲမှူးကြီး ခင်မောင်စိုးမှ ပစ်သတ်ရန် အမိန့်ပေးချက်အရ တပ်တွင်းရှိ ဆေးရုံနောက်ဖေး တောင်ကြားရှိ တူးထားသည့် ဗုံးခိုကျင်းတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ထွက်ဆို ဝန်ခံကြောင်း သိရသည်။

မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ရဲခရိုင်မှူး ဒုတိယ ရဲမှူးကြီး ခင်မောင်စိုး အမိန့်ပေးရာတွင် “ရှင်းစရာရှိတာကို ရှင်းပစ်လိုက်၊ နောက်မှ ကြည့်ရှင်းကြတာပေါ့” ဟု ဗိုလ်ကြီးအဆင့်ရှိ အာကာမြင့်အား အမိန့်ပေးခဲ့ပြီး၊ ဒု-တပ်ကြပ်အဆင့်ရှိ သန်းအောင်အား ထို ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇ ဦးအား ပစ်သတ် အလောင်းဖျောက်ရန် စေခိုင်းခဲ့သည်ဟု သိရသည်။

ထိုအချုပ်ခန်းထဲ၌ ချုပ်နှောင်ခံထားရသည့် အရပ်သားများအား ပစ်သတ်ခဲ့သူများထဲတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များ၏ သား (အရပ်သား) ၃ ဦးပါဝင်ပြီး တပ်သား ၂ ဦးလည်း ပါဝင်ကြောင်း AB News က စုံစမ်းသိရှိရသည်။

မြောက်ဦးမြို့ရှိ အမှတ် ၃၇၈ ခြေမြန်တပ်ရင်းအား ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၉ နာရီခန့်က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အရှင်ဖမ်းဆီးရမိသူများအား စစ်ဆေးရာတွင် ထွက်ဆိုဝန်ခံခြင်းဖြစ်သည်ဟု ခိုင်လုံးသတင်းရင်းမြစ်ပြောဆိုချက်အရ သိရသည်။

ရက္ခိုင်ပြည်အနှံ့ရှိ အကျည်းထောင်၊ အချုပ်ထောင်၊ အချုပ်ခန်း အသီးသီးတွင် ချုပ်နှောင် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များမှာလည်း အချုပ်ခန်း၊ အကျည်းထောင်များတွင်ရှိသူများအား အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ပစ်သတ် သတ်ဖြတ်သွားမည်ကို စိုးရိမ်ကြလျက်ရှိကာ၊ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ကူညီပေးကြရန် တောင်းဆိုမှုများ ရှိနေသည်။

Website
www.arakanbaynews.com

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ